ဗန်းမော် မြစ်ကြီးနားလမ်းတွင် ခရီးသွားပြည်သူများအား စစ်ကောင်စီမှ စိတ်အနှောင့်အယှက်ဖြစ်စေရန်စစ်ဆေးခြင်းများပြုလုပ်
- Pajau Media

- Feb 5, 2024
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၄

ဗန်းမော်မှ မြစ်ကြီးနားသို့ပြေးဆွဲနေသော ခရီးသွားကားများအား စစ်ကောင်စီမှ စစ်ဆေးရာတွင် ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင် မေးမြန်းစစ်ဆေးခြင်းများပြုလုပ်နေကြောင်း ခရီးသွား အမျိုးသမီးတစ်ဦးကပြောသည်။
"ကျွန်မကမြစ်ကြီးနားကနေ ဗန်းမော်ကိုသွားတာပေါ့နော်၊ ဖြတ်သန်းရတဲ့ဂိတ်တွေကလဲများတယ်၊တချို့ဂိတ်တွေဆိုရင် မှတ်ပုံတင်ကိုင်ပြီး လမ်းဆင်းလျှောက်ရတယ်၊ စစ်တပ်ဂိတ်တဂိတ်ရောက်တော့ ကျမကို အိမ်ထောင်သည်လားအပျိုလားဆိုပြီးမေးတယ်၊တာဝန်အရစစ်ဆေးတယ်ဆိုရင်ဒီလိုမေးစရာအကြောင်းမရှိဘူးပေါ့နော်၊ အဲ့လိုမေးတာဟာ ကျမအတွက်စိတ်အနှောင့်အယှက်တော်တော်ဖြစ်တယ်၊ပြီးတော့မိန်းမသားမို့ ခရီးသွားရတာ မလုံခြုံသလိုခံစားရတယ်၊ ကျွန်မဘေးမှာစီးတဲ့ခရီးသည်ကိုကျတော့ ဝန်ထမ်းလားလို့မေးတယ်၊မှတ်ပုံတင်တွေကိုစစ်ကြည့်တာနဲ့အလုပ်အကိုင်ပါပြီးသားမို့ မေးစရာဘာအကြောင်းမှကိုမရှိဘူးလေ၊အရင်ကဒီလမ်းခရီးကို မကြာခဏသွားနေကျ ဒီလိုမျိုးတခါမှမကြုံဖူးဘူး၊လန့်လဲတော်တော်လန့်သွားတယ်။"ဟု အသက်၂၅နှစ်အရွယ် မိန်းကလေးကပြောသည်။
ဗန်းမော်မှမြစ်ကြီးနားသို့ပြေးဆွဲသောလမ်းတွင် ဖုန်းလိုင်းမရသဖြင့် တခုခုဖြစ်လျှင် အကူအညီ တောင်းခံဆက်သွယ်ရန်မလွယ်သောကြောင့် နောက်တကြိမ်ခရီးသွားရန်စိုးရိမ်နေကြောင်း ယင်းမှဆက်ပြောသည်။
"ကျွန်တော်က ဗန်းမော်ကနေမြစ်ကြီးနားကို အလုပ်နဲ့မကြာခဏသွားလာဖြစ်တယ်၊ခါတိုင်းဆိုရင်လေယာဉ်နဲ့ဘဲသွားလာဖြစ်တာ၊မနေ့ကကျတော့ လေယာဉ်လက်မှတ်ကလဲဝယ်မရတော့ ကားနဲ့ဘဲ ပြန်ဖြစ်တယ်၊တလမ်းလုံး လက်နက်ကိုင်အဖွဲ့အစည်းပေါင်း၈ခုလောက်ရှိတယ်၊၅နေရာလောက်လမ်းဆင်းလျှောက်ရတာရှိတယ်၊စစ်တပ်ဂိတ်ကိုဖြတ်တော့ ကျွန်တော့ကို ဘာလူမျိုးလဲဆိုပြီးမေးလာတယ်၊ခရီးသွားပြည်သူတွေကို မလေးမစားလုပ်နေတာဟာ အဆင်မပြေဘူးဗျာ။"ဟု အသက်၇၃နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။
ဗန်းမော်မြစ်ကြီးနားလမ်းအား ၂၀၂၃ခုနှစ် ဩဂုတ်လတွင်ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားသည်မှာ နှစ်လကျော်ခန့်ကြာမြင့်ပြီး ဖြတ်သန်းသွားလာခွင့်ပြုသည့်အချိန်မှစ၍လမ်းခရီး၌ အစစ်အဆေးများပိုမို တင်းကြပ်လာကြောင်းသိရသည်။
သတင်း - ကချင်ပြည်သား




Comments