ဗန်းမော်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး ကချင်စုရပ်ကွက်နှင့်မင်းကျောင်းကုန်းရပ်ကွက်ရှိနေအိမ်များ ထိခိုက်ပျက်စီးမှုရှိ
- Pajau Media
- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ။
၂၉ရက်၊ဧပြီလ၊၂၀၂၅။

ဗန်းမော်မြို့တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများနှင့် တပ်စွဲထားသော နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့များမှ လက်ရှိအချိန်ထိ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဗန်းမော်ဒေသ သတင်းများတင်ဆက်ဖော်ပြနေသော Banmaw Scout Teamက ဖော်ပြထားသည်။
KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှာ ဗန်းမော်မြို့မှ ကျန်ရှိနေသေးသည့် ခလရ(၄၇)နှင့် စကခ (၂၁)တပ်စခန်းတို့ကို ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသော ဗန်းမော်စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက(၁)ကျောင်း၊ Galaxy KTV နှင့် အနီးဝန်းကျင်များတွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြကြောင်း သိရသည်။ အဆိုပါနေရာများတွင် စစ်တပ်အင်အား အလုံးအရင်းဖြင့် တပ်စွဲနေရာယူထားဆဲဖြစ်သောကြောင့် တိုက်ခိုက်နေကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ၂၇ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်တပ်မှယခင်ကတည်းက တပ်စွဲထားသည့် ကချင်စုရပ်ကွက်ရှိ Robert KBCဘုရားကျောင်းဝင်းနှင့် အလက(၃)ကျောင်း အနီးဝန်းကျင်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
ယင်းတပ်စခန်းများမှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်သားများမှာ လက်ရှိ Galaxy KTVနှင့် လမ်းတစ်လျှောက်တွင် အင်အားဖြည့်တင်းလျှက်ရှိနေကြောင်းသိရသည်။
စစ်ကောင်စီဘက်မှ လေကြောင်း၊ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ် ပြင်းထန်စွာလုပ်ဆောင်နေသောကြောင့် တိုက်ပွဲနှင့် နီးစပ်ရာ ကချင်စုရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်တို့တွင် မီးလောင်ပျက်စီးနေပြီး နေအိမ်အပျက်အစီး များပြားနေကြောင်း ထပ်မံသိရသည်။
KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှာ ဧပြီ၂ရက်နေ့မှ ၂၂ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ပြီးနောက် ဧပြီ၂၅ရက်နေ့တွင် ဗန်းမော်မြို့ကိုပြန်လည်ထိုးစစ်ဆင် ထပ်မံဖော်ဆောင်လာခဲ့ရာ ယနေ့တွင် ၅ရက်မြောက်နေ့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
သတင်း - ထုဆိုင်း
Comments