top of page

ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုပိုမိုများပြားလာ

  • Writer: Pajau Media
    Pajau Media
  • Feb 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ဗန်းမော်မြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်သည့်ဒေသများသို့ လေကြောင်းဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်မှုများ မကြာခဏရှိနေသောကြောင့် ထိခိုက်သေဆုံးသူ များပြားလာသည်ဟု ဒေသခံများ ပြောပြချက်မှ သိရသည်။


ယမန်နေ့ ဖေဖော်ဝါရီ၂၃ရက် ည ၁၁နာရီ၂၀ မိနစ်အချိန်တွင် စစ်ကောင်စီ၏ ဂျက်လေယာဉ်ဖြင့် မံစီမြို့နယ်မှ ဂေါ့ငူယာန်ကျေးရွာသို့ လေယာဉ်ဗုံးနှစ်လုံး လာရောက်ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ကျန်တစ်လုံးမှာ မပေါက်ကွဲပဲ ကျန်ရှိနေသေးပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


“အဲဒီဂေါ့ငူယာန်က လူတွေက စစ်ရှောင်ကနေ ပြန်လာနေကြတာတောင် မကြာသေးဘူး။ မနေ့ညက ဗုံးပြန်ကြဲတော့ အရမ်းကြောက်သွားတာပေါ့။ ပြီးတော့ တိုက်ပွဲဖြစ်တာလဲ မရှိဘူး။ ဒေသခံတွေကလွှဲပြီး တစ်ခြားဘယ်အဖွဲ့ကမှ မနေတဲ့ရွာ ဟုတ်တယ်။ ဗုံးက တစ်လုံးတော့ ပေါက်ကွဲပေမယ့် ဘာမှမဖြစ်ဘူး။ တစ်လုံးက မပေါက်ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၁ရက်နေ့ ညနေအချိန်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မံစီမြို့နယ်မှ မံသာကျေးရွာတွင် စစ်တပ်၏ Y-12 လေယာဉ်ဖြင့် ဗုံးလေးလုံး လာရောက်ပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူ နှစ်ဦး အသက်သေဆုံးခဲ့ရပြီး၊ သုံးဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။


အသက်သေဆုံးခဲ့သူ အရပ်သားများမှာ အသက်(၈)နှစ်အရွယ် မောင်ငွားဆာလဲနှင့် အသက်(၂၀)နှစ်အရွယ် မယာမေဆီတို့ဖြစ်ပြီး၊ ထိခိုက်သူများမှာ အသက်(၈)နှစ်အရွယ် မငွားယေမီး၊ အသက်(၁၀)နှစ်အရွယ် မောင်လုကနှင့် အသက်(၂၇)နှစ်အရွယ် ဒေါ်ထွန်းစံဒါ တို့ဖြစ်သည်။


ထို့အပြင် အဆိုပါ တစ်ရက်တည်းတွင် ဗန်းမော်ဒေသ ရေလဲကျေးရွာတွင်လည်း စစ်တပ်၏ Y-12လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ်ခဲ့ပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထိခိုက်သူများမှာ အသက်(၄၀)မှ အသက်(၇၀)ကြားရှိ ဦးမောင်ချင်း၊ ဒေါ်လှိုင်နှင့် ဒေါ်ခင်တို့ဖြစ်ပြီး၊ ယင်းတို့မှာ လက်ရှိ နီးစပ်ရာဆေးရုံများတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။


လက်ရှိ ဗန်းမော်ဒေသတွင် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို လေယာဉ်၊ဒရုန်းဗုံးများ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရသည့်အပြင် နေအိမ်များလည်း ပျက်စီးနေရကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page