top of page

ဗန်းမော်မြို့မှ ဖမ်းဆီးခံရသည့် အမျိုးသား (၂၁)ဦး တစ်ပတ်ကျော် ကြာလာသည်အထိ ပြန်မလွှတ်ပေးသေး

  • Writer: Pajau Media
    Pajau Media
  • Aug 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသော ဗန်းမော်မြို့မှ အပြစ်မဲ့အရပ်သားပြည်သူ (၂၁)ဦးကို ယနေ့ တစ်ပတ်ကြာသည်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။


စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် အရပ်သားပြည်သူများမှာ ဗန်းမော်ြမို့မှ ၃မိုင်ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ပြီး၊ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ရက်နေ့၌ ၆မိုင်ရပ်ကွက်တွင် ရှိနေစဉ် မတရားဖမ်းဆီး ခေါ်ဆောင်ခံရခြင်းဖြစ်သည့်အပြင် တစ်ပတ်ကျော် ကြာလာသည်အထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးသောကြောင့် ဒေသခံများနှင့် မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြရသည်ဟု ဆိုသည်။


အထက်ပါဒေသခံ(၂၁)ဦးမှာ လူလတ်ပိုင်းအမျိုးသား(၂၀)ဦးနှင့် ငှက်ဖျားဖြင့် နာမကျန်းဖြစ်နေသူ သက်ကြီးပိုင်းတစ်ဦးတို့ဖြစ်ပြီး၊ နေအိမ်အတွင်းရှိနေစဉ် မတရားဖမ်းဆီးခေါ်ဆောင်ခံရခြင်း ဖြစ်သည်။


သက်ဆိုင်သည့် တာဝန်ရှိသူလူကြီးများမှ ဖမ်းဆီးခံရသည့် အမျိုးသားများကို ပြန်လွတ်ပေးရန်အတွက် စစ်တပ်နှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခဲ့ပေမယ့် ယခုထက်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း ထပ်မံသိရသည်။


ထို့အပြင် ဗန်းမော်မြို့ အနီးဝန်းကျင် မိုးမောက်ဒေသအခြေစိုက်သည့် ခ.မ.ရ (၄၃၇)ပူးပေါင်းတပ်စခန်းကိုလည်း ကချင်လွှတ်မြောက်ရေးတပ်(KIA)မှ တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ၁၉ရက်နေ့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။


KIAမှ တိုက်ခိုက်သိမ်းယူထားသည့် မိုးမောက်ဒေသအခြေစိုက် ပူးပေါင်းတပ်စခန်းတွင် ခ.မ.ရ (၄၃၇)၊ ခ.မ.ရ (၄၁၅)၊ ခ.မ.ရ (၄၁၆)၊ ခ.မ.ရ (၃၂၀)၊ ခ.လ.ရ(၁၃)၊ ခ.လ.ရ (၄၀)၊ ခ.လ.ရ (၈၃)၊ ခ.လ.ရ (၅၆)၊ ခ.လ.ရ (၁၄၂)၊ ခ.လ.ရ (၂၃၀)၊ ခ.လ.ရ (၂၃၆) နှင့် ခ.လ.ရ (၂၃၇) စသည့်တပ်စခန်း(၁၂)ခုဖြင့် စုပေါင်းကာ အင်အား(၅၀၀)ဝန်းကျင်ဖြင့် ပူးပေါင်းတပ်ဖွဲ့ထားသည့် တပ်စခန်းတစ်ခုလည်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page