ဗန်းမော်မြို့မှ လက်လွှတ်ခဲ့ရသည့် နေရာအချို့ KIAပြန်သိမ်း
- Pajau Media

- Aug 16, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ ဩဂုတ်၊ ၂၀၂၅။

တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်ဒေသတွင် စစ်တပ်က မြေပြင်၊ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် လက်လွှတ်ခဲ့ရသည့် နေရာအချို့ကို KIAပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။
ပြီးခဲ့သည့် အပတ်က လက်လွှတ်ခဲ့ရသည့် အမြောက်တပ်(၃၆၆)ကို KIAပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဗန်းမော်ကို လက်တလော ပိုပြီးစစ်ထိုးတယ်၊ မြေပြင်ကော၊ လေကြောင်းနဲ့ကော ပစ်နေတော့ အမြောက်တပ်နဲ့ လေယာဉ်ကွင်းနေရာတစ်ချို့ကို လက်လွှတ်ခဲ့ရတာ။ ဒါပေမယ့် အမြောက်တပ်ကိုတော့ ပြန်ရထားတယ်။ အခုထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဩဂုတ်လဆန်းကတည်းက ဗန်းမော်ဒေသတွင် တိုက်ပွဲတစ်ဖန်ပြင်းထန်လာခြင်းဖြစ်ပြီး၊ စစ်တပ်ကလည်း လက်လွှတ်ခဲ့သည့် တပ်စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်း၊ ခေတ်မီစက်လက်နက်၊ ဒရုန်းဗုံးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်သည်။ ထို့အပြင် KIAပူးပေါင်းတပ်ဖွဲ့မှလည်း လက်မလွှတ်ရေး အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲဖြစ်သောကြောင့် နှစ်ဖက်စစ်ရေးမှာ တင်းမာနေသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း ဗန်းမော်ဒေသအပြင် ဖားကန့်ဒေသတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး၊ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးသူ များသထက်များလာနေကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments