ဗန်းမော်မြို့မှ အမြောက်တပ်ရင်း( ၃၆၆) ကို KIAလက်လွှတ်ခဲ့ရဟုဆို
- Pajau Media

- Aug 12, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၂ရက်၊ သြဂုတ်၊ ၂၀၂၅။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ ဒရုန်းများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ဗန်းမော်မြို့မှ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်က ပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။
လက်လွှတ်ခဲ့ရသည့် တပ်စခန်းမှာ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာများဖြစ်ကြောင်း သတင်းများဖော်ပြချက်အရ သိရသော်လည်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။
" ၃၆၆ ကိုသိမ်းတာက သေချာတယ်လို့ပြောနေကြတယ်။ မနေ့က မံစီဘက်ကလာတဲ့သူတွေလဲ ပြောတယ်။ သူတို့က စစ်သားတွေပြောပြတာလို့ပြောတာ။ ပြီးခဲ့တဲ့ အပတ်လောက်ကပဲ သိမ်းသွားတာတဲ့။ ဒါပေမယ့် လေယာဥ်ကွင်းကိုတော့ ဘာမှမပြောပါဘူး။ ပါတယ်လို့ မပြောပါဘူး။" ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
အဆိုပါတပ်စခန်းကို စစ်သင်္ဘောများ ရောက်ရှိလာပြီးနောက်ပိုင်း စစ်ကောင်စီက ခေတ်မီစက်ပစ္စည်းများဖြင့် ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသောကြောင့် KIAက လက်လွှတ်ခဲ့ရတာ ဖြစ်နိုင်သည်ဟု အထက်ပါက ဆက်ပြောသည်။
စစ်ကောင်စီကိုထောက်ခံနေသည့် Telegram group များတွင်လည်း ဗန်းမော်မြို့အောင်ပွဲဟူသည့် ဓာတ်ပုံတချို့ဖြင့် အောင်ပွဲခံကာ ပြန့်နှံ့လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့က မန္တလေးမှဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ၁၇ စီးသည် ရွှေကူမြို့ထိ ရောက်ရှိလာပြီး (၆) စီးကို တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကာ ဩဂုတ် ၁ရက်နေ့တွင် ဗန်းမော်သို့ (၉) စီးရောက်ရှိလာခြင်းဖြစ်သည်။
ဩဂုတ် ၁ရက်နေ့က ဗန်းမော်မြို့သို့ ဆိုက်ကပ်လာနိုင်သည့် စစ်သင်္ဘောအုပ်စုများက စစ်သုံး လက်နက်ခဲယမ်းများ များစွာသယ်ဆောင်လာပြီး၊ ဗန်းမော်မြို့သို့ရောက်ရှိလာပြီးနောက် ဩဂုတ် ၄ရက်နေ့မှစ၍ စစ်ကောင်စီဘက်မှ လေကြောင်း ဒရုန်းများအပါအဝင် ကြည်းတပ်များဖြင့် မြေပြင်ထိုးစစ်ဆင်ကာ နှစ်ဖက်တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
သတင်း-ဖရိန်း










Comments