ဗန်းမော်မြို့သို့ စစ်လက်နက်၊ရိက္ခာလာရောက်ပို့ဆောင်သော စစ်ကောင်စီ၏ရဟတ်ယာဉ်(၃)စီးအနက်မှ (၂)စီးကို KIA ပူးပေါင်းတပ်ဖွဲ့မှပစ်ချ
- Pajau Media
- May 20
- 1 min read
ပါဂျောင်မီဒီယာ။
၂၀ရက်၊မေလ၊၂၀၂၅။
ကချင်ပြည်နယ်၊ ဗန်းမော်ဒေသဘက်သို့ ထောက်ပို့တက်လာသော စစ်ကောင်စီ ရဟတ်ယာဉ်(၃)စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၂)စီးကိုပစ်ချနိုင်ခဲ့ပြီး ကျန်(၁)စီးမှာ မြစ်ကြီးနားလေတပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း ဗန်းမော်ဒေသသတင်း တင်ဆက်နေသော Banmaw Scout Team မှ အတည်ပြု ထုတ်ပြန်ထားသည်။
မြစ်ကြီးနားဘက်မှ ထောက်ပို့လာသော စစ်သုံးရဟတ်ယာဉ်(၃)စီးကို ယနေ့ မေလ၂၀ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်တစ်စီးသည် စင်းခန်းကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ကာ တစ်စီးမှာ ရွှေကူတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြနး ကျန်ရှိနေသေးသည့် ရဟတ်ယာဉ်တစ်စီးမှာ မြစ်ကြီးနားလေတပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။
အဆိုပါ စစ်သုံးရဟတ်ယာဉ်များမှာ ဗန်းမော်မြို့တွင်းနေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းရန်အတွက် ထောက်ပို့လာသော ရဟတ်ယာဉ်များဖြစ်ကြောင်း သိရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၅လကျော်ကြာသည့်အထိ နှစ်ဖက်စစ်ရေး ပြင်းထန်နေခဲ့သလို၊ KIAကလည်း စစ်ကောင်စီ၏ ရဟတ်ယာဉ်များကို ယခင်ကလည်း ထိမှန်ပျက်စီးအောင် ပစ်ချခဲ့ဖူးသည်။
တစ်ဖက်မှာလည်း မေလ၁၉ရက်နေ့အထိ ဖားကန့်ဒေသသို့ တက်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များနှင့် KIAပူးပေါင်းတပ်ဖွဲ့များမှာ တံတားညီနောင်ကျေးရွာတွင် ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး၊ မေလ ၁၈ရက်နေ့ကတည်းက ဖားကန့်သွားလမ်း ဆိုင်းဖရာနှင့် တံတားညီနောင်အကြား နေရာတွင် တိုက်ပွဲတစ်ဖန် ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့များမှာ ဖားကန့်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ရန် ဧပြီလကုန်ကတည်းက စစ်အင်အားအလုံးအရင်းဖြင့် တစ်ဖန်ပြန်လည် စစ်ကြောင်းထိုး လှုပ်ရှားလာခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည့်အပြင် နှစ်ဖက်စစ်ရေးအရှိန်လည်း တင်းမာနေဆဲ ဖြစ်သည်။
သတင်း - ထုဆိုင်း
Comments