top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်ဖွဲ့မှ သံချပ်ကာတပ်ရင်းနှင့်လေယာဉ်ကွင်းနေရာအချို့ကိုသိမ်းပိုက်ရရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊ဇန္နဝါရီ၊၂၀၂၅။



KIAနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တစ်လကျော်ထိုးစစ်ဆင်ခဲ့သည့် ဗန်းမော်မြို့ရှိ စကခ(၂၁)တပ်ရင်းအနီးတွင် တိုက်ပွဲပြင်းထန်နေခဲ့ပြီး၊ ဇန္နဝါရီ၂၆ရက်နေ့မှာတော့ လေဆိပ်နေရာအချို့အပါအဝင် အနီးဝန်းကျင်ရှိ ကာကင်းစခန်းများကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


“လေယာဉ်ကွင်းက လေဆိပ်တစ်ခုလုံးကိုတော့ သိမ်းယူနိုင်ပြီးပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် စကခ(၂၁)တပ်နဲ့ ထိစပ်နေတာဆိုတော့ သူတို့က လေဆိပ်နဲ့စစ်တပ်ကို ပေါင်းထားသလို ဖြစ်နေတယ်။ အဲ့ကြောင့် လေဆိပ်ကိုတော့ သိမ်းယူနိုင်တယ်ဆိုပေမယ့် အပြီးသတ် ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်သေးဘူး။ စစ်တပ်စခန်းဘက်ကို အခုထိ တိုက်ပွဲဝင်နေတယ်။” ဟု ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။





လေဆိပ်အား KIAပူးပေါင်းတပ်ဖွဲ့မှ ထိန်းချုပ်ထားပြီးဖြစ်သော်လည်း အပြီးသတ် ထိန်းချုပ်ထားနိုင်ခြင်းမဟုတ်သည့်အပြင် လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရေးပင် မလုပ်ဆောင်နိုင်သေးကြောင်း ပြောသည်။


ဇန္နဝါရီ၂၆ရက်နေ့တွင် လေဆိပ်နှင့် သံချပ်ကာတပ်ရင်းအား သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းအပြင် ဒရုန်း၊လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်နေခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၄၀)နီးပါးအထိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


ဇန္နဝါရီ၂၅ရက်နေ့ကလည်း စစ်ကောင်စီတပ် အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်းကို KIAပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပြီး၊ သံချပ်ကာတပ်ရင်းနှင့်အတူ သံချပ်ကား(၇)စီးကိုလည်း သိမ်းယူနိုင်ခဲ့သည်။


လက်ရှိအချိန်အထိ KIAပူးပေါင်းတပ်များမှ စစ်ကောင်စီ၏လက်ကျန်တပ်စခန်းများဖြစ်သည့် ခလရ(၄၇)၊ လက်နက်ကြီးတပ်(၆၄၁)၊ စကခ(၂၁)၊ တပ်မ(၈၈)နှင့် (၄)မိုင်တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page