top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှလူနေအိမ်နှင့်အများပြည်သူပိုင်နေရာများကို မီးရှို့ဖျက်ဆီးလျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Apr 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃၀ရက်၊ဧပြီလ၊၂၀၂၅။




ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များမှအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှလည်း လူနေအိမ်များနှင့်အများပြည်သူပိုင်အဆောက်အအုံများကို မီးရှို့ဖျက်စီးနေကြောင်း Kachin Human Rights Watch(KHRW) ၏ဖော်ပြချက်အရ သိရသည်၊၊


ယမန်နေ့ ဧပြီ၂၉ရက် ညနေ ၃နာရီအချိန်ခန့်တွင် ဗန်းမော်မြို့ရှိ သီရိရတနာစျေးကြီးကို စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဈေးအနီးရှိပြည်သူ့နေအိမ်များနှင့် အများပြည်သူပိုင်နေရာ အများအပြား မီးလောင်ကျွမ်းခဲ့ရသည်ဟု ဆိုသည်။


လက်ရှိအချိန်တွင် ဗန်းမော်မြို့ကို KIAနှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီမှလည်း ဗန်းမော်မြို့ကိုလက်မလွှတ်ရရေး အပြင်းအထန်ခုခံ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။


ထို့အပြင် စစ်ကောင်စီတပ်များ တပ်စွဲနေရာယူထားသည့် တပ်စခန်းအများစုကိုလည်း တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ ကျန်ရှိနေသေးသည့် ခလရ (၄၇)နှင့် စကခ (၂၁) တပ်စခန်းကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန် နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြဆဲဖြစ်သည်။


ပြီးခဲ့သည့် ဧပြီလ၁၉ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာကို စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှ မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ် ၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း ဒေသသတင်းရင်းမြစ်များက ပြောဆိုနေကြသည်။


စစ်ကောင်စီမှာ ယခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ ပြည်သူလူထုများ၏ လူနေအိမ်များနှင့် အများပြည်သူပိုင်နေရာများကို မီးရှို့ဖျက်ဆီးမှုများ ပိုမိုအကြမ်းဖက်စွာ လုပ်ဆောင်လာကြောင်း Kachin Human Rights Watch-KHRW က ဆက်လက်ဖော်ပြထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page