top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြစ်ကြီးနားမြို့အနီးတစ်ဝိုက်တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ခပ်စိတ်စိတ်ထွက်ပေါ်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ခုနှစ်။



ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့တွင် KIA၏ ထိုးစစ် ၂လနီးပါး ကြာမြင့်လာပြီးနောက် ယမန်နေ့ညတွင် အမြောက်တပ်တစ်ခု ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး၊ မြို့တော်ဖြစ်သည့် မြစ်ကြီးနားအထက်ပိုင်း တန်ဖရဲကျေးရွာအနီးတွင်လည်း လက်နက်သံများ ကြားနေရကြောင်း သိရသည်။


ကချင်လွှတ်လပ်ရေးတပ်မတော် KIAနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီတပ် စကခ(၂၁)၊ အမှတ်(၃၆၆)အမြောက်တပ်၊ ခလရ(၂၃၆)တပ်နှင့် ကန်တော်စာသင်ကျောင်းတွင် တပ်စွဲထားသည့် တပ်စခန်းများကို တစ်ပြိင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၂ရက်နေ့ ညနေပိုင်းအချိန်တွင် အမြောက်တပ်(၃၆၆)တပ်ကို ဦးစွာသိမ်းပိုက်ရရှိခဲ့ပြီး အမြောက်တပ်အပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းပိုက်ရရှိသည်ဟု ဆိုသည်။


တစ်ဖက်တွင်လည်း မြစ်ကြီးနားအထက်ပိုင်း တန်ဖရဲကျေးရွာအနီးတွင် ယမန်နေ့က လက်နက်ကြီး ပေါက်ကွဲသံ ကြားရသောကြောင့် ခရီးသွားပြည်သူများ မြစ်ကြီးနားဘက်သို့ မပြန်ရဲကြောင်း ခရီးသွားတစ်ဦး၏ ပြောပြချက်အရ သိရသည်။


"လက်နက်ကြီးသံတွေ ကြားရတော့မြစ်ကြီးနားဘက် မပြန်ရဲဘူးဖြစ်နေတာ...

စစ်တပ်က တောဘက်ကိုတိုးလာလို့ KIAဘက်က ပစ်တယ်လို့လဲကြားရတယ် အများကြီးလည်း မဖြစ်လိုက်ပါဘူး" ဟု ပြောပြသည်။


ဒေသခံများ ပြေဆိုချက်အရ စစ်ကောင်စီက ဇန္နဝါရီလ ၂၉ရက်နေ့ကတည်းက တန်ဖရဲဒေသဘက်သို့ စစ်အင်အား ၁၀၀ ခန့်တိုးချဲ့လာပြီးနောက် ယမန်နေ့ဖေဖော်ဝါရီလ၂ရက်နေ့တွင် လက်နက်ကြီးသံများ ကြားနေရခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page