top of page

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အဆောက်အဦးများမီးလောင်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Dec 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊ဒီဇင်ဘာ၊၂၀၂၄။



တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့တွင် ယမန်နေ့ညအထိ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားများ၏ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။


ဒီဇင်ဘာ ၁၀ရက်နေ့ညအထိ ဗန်းမော်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရသည်။


"အိမ်နဲ့ အဆက်အသွယ်မရဘူး။ စိတ်ပူလိုက်တာ။ အဆက်အသွယ်မရတဲ့အပြင် အိမ်ပါ အားလုံးပါသွားပြီတဲ့။" ဟု ပိတ်မိနေသည့် မိသားစုမှ လွှတ်မြောက်လာသူ ဒေသခံတစ်ဦးက ပြောသည်။


ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များပြောပြချက်အရ ဗန်းမော်မြို့တွင်းနေရာ အတော်များများ မီးလောင်ပျက်စီးခဲ့ပြီး ဗန်းမော်ဈေးကြီးလည်း မီးလောင်ခဲ့ရသည့်အပြင် သုံးမိုင်ရပ်ကွက်ရှိ နေအိမ်အချို့နှင့် နှစ်မိုင်ဟင်းခြံဘက်ရှိ နေအိမ်အချို့ မီးလောင်ခဲ့သည်ဟု ဆိုသည်။



သို့သော် ဗန်းမော်မြို့နယ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသောကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်နှင့် ထိခိုက်သေဆုံးမှုများကို ပါဂျောင်မီဒီယာမှ အသေးစိတ် စုံစမ်းရန် ခက်ခဲလျှက်ရှိနေသည်။


စစ်ကောင်စီတပ်က ဒီဇင်ဘာ ၄ရက်နေ့မှစပြီး ဗန်းမော်မြို့တွင်းကို လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သလို ယမန်နေ့ညတွင်လည်း ပြင်းထန်စွာ ဗုံးကျဲတိုက်ခိုက်မှုများရှိခဲ့သည်။


တိုက်ပွဲအတွင်း လေကြောင်းနှင့်လက်နက်ကြီးပတ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု (၁၀၀)ဝန်းကျင်ရှိနိုင်သည်ဟု လွှတ်မြောက်လာသော ဒေသခံများကပြောဆိုနေကြသော်လည်း အဆက်အသွယ်ခက်ခဲမှုကြောင့် သီးခြားအတည်မပြုနိုင်သေးပေ။


လက်ရှိတွင် ဒေသခံအများစု ထွက်ပြေးလွှတ်မြောက်ခဲ့ကြပြီး ဖြစ်သော်လည်း ဗန်းမော်မြို့အတွင်းတွင် ပိတ်မိနေကြသော ဒေသခံများကျန်ရှိနေသေးကြောင်းသိရသည်။


တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း ဗန်းမော်မြို့မှ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဗန်းမော်နည်းပညာ တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page