ဗန်းမော်လေဆိပ် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည့်အပြင် ကားလမ်းများပါ ပိတ်ထား
- Pajau Media

- Mar 8, 2024
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ်။

ဗန်းမော်လေဆိပ်ကို ယမန်နေ့ မတ်လ ၇ရက်နေ့က စပြီး လေယာဉ်ဆင်းသက်လို့ မရသည့်အတွက် ရက်အကန့်အသတ် မရှိ ပိတ်ပင်လိုက်သည့်အပြင် မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းများလည်း ပိတ်ထားခဲ့ကြောင်း သိရသည်။
ယမန်နေ့က ဗန်းမော်လေဆိပ်ကို ဒရုန်းနှင့် ဗုံးပစ်ခတ်ခံခဲ့ရသောကြောင့် လေယာဉ်ပြေးလမ်း ပျက်စီးကာ လေယာဉ်ဆင်းသက်လို့ မရသည့်အတွက် ပိတ်ပင်ထားခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များက ပြောသည်။
KIA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဗန်းမော်မြို့အတွင်း လုံခြုံရေး တင်းကျပ်လာကာ လမ်းမများနှင့် လေဆိပ်သွားရာလမ်းများမှာလည်း စစ်ကောင်စီမှ ပိတ်ပင်ထားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မြစ်ကြီးနား-ဗန်းမော်သွားကားလမ်းများလည်း ယမန်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ပြည်သူ့စစ်များနှင့် KIA ၏ ထိတွေ့တိုက်ပွဲများကြောင့် ထပ်မံပိတ်ပင်ထားခဲ့သည်။
ဒေသခံများမှာ လက်ရှိစစ်ကောင်စီနှင့် KIA၏ စစ်ရေးတင်းမာမှုများကြောင့် ထွက်ပြေးစရာမြေမရှိဘဲ စိုးရိမ်နေသည့်အကြာင်းကို “ဗန်းမော်ဘက်ဆို မိုးမောက်၊ ဒေါ့ဖုန်းယန်တကြော၊ မန်စီဘက်ဆို ဟိုနေ့က စီခမ်းကြီးသိမ်းပြီးပြီ၊ မဂျီဂုန်လဲ သိမ်းပြီးလို့ အခု မိုင်းခေါင်ပြန်ဆက်တော့မယ်၊ မိုင်းခေါင်ပြီးရင် ဗန်းမော် မန်စီလာတော့မယ်၊ ကျွန်မတို့တော့ ပြေးစရာမြေမရှိတော့ဘူးထင်တယ်” ဟု ထပ်မံပြောဆိုလာသည်။
ထို့အပြင် ယမန်နေ့ည ၈နာရီခွဲအချိန်ခန့်၌လည်း စစ်ကောင်စီတပ်မှ ညတွင်းချင်းထွက်ရန် အမိန့်ပေးခဲ့သောကြောင့် ဗန်းမော်တက္ကသိုလ်မှ ကျောင်းသားများနှင့် ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။
ဒေသခံတစ်ဦး ပြောပြချက်အရ စစ်ကောင်စီမှ ညတွင်းချင်း ထွက်ခွာရန် လုပ်ဆောင်လာရခြင်းမှာ တက္ကသိုလ်ကျောင်းဝင်းအတွင်း စခန်းချနေထိုင်ရန် ဖြစ်နိုင်ကြောင်း သိရသည်။
KIAမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်နှင့် KIA တပ်များ ထိတွေ့တိုက်ခိုက်မှုများရှိနေသည့်အပြင် လက်ရှိအချိန်ထိ မြစ်ကြီးနား-ဗန်းမော်ကားလမ်မတစ်လျှောက်နှင့် လိုင်ဇာ၊ မိုးမောက်ဒေသအတွင်း တိုက်ပွဲအခြေအနေ ပြင်းထန်နေဆဲ ဖြစ်သည်။




Comments