top of page

ဗန်းမော်သို့ လှုပ်ရှားလာသည့် စစ်သင်္ဘော ပြန်ဆုတ်ခွာရ

  • Writer: Pajau Media
    Pajau Media
  • Sep 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊စက်တင်ဘာလ၊၂၀၂၄။



ကချင်ပြည်နယ်၊ မိုးမောက်ဒေသတွင် ယမန်နေ့ စက်တင်ဘာလ၁၇ရက် နံနက်၃နာရီအချိန်ခန့်က စစ်ကောင်စီမှ လေယာဉ်ဗုံး ၃ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားခဲ့ပြီး၊ ၉နာရီအချိန်မှာတော့ ရွှေကူမှ ဗန်းမော်သို့ လှုပ်ရှားလာသည့် စစ်သင်္ဘော၅စီးကို KIA ပူးပေါင်းတပ်ဖွဲ့မှ ရွှေကူအထက်နေရာတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂စီးမှာ လက်နက်ထိမှန်ခဲ့သောကြောင့် ရွှေကူသို့ စစ်ကြောင်းလှည့်ပြန်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။


သတင်းရင်းမြစ်များပြောဆိုချက်အရ အထက်ပါ စစ်သင်္ဘောစစ်ကြောင်းများ ချီတက်လာသည့် မြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လုံခြုံရေးယူထားပေးသည့်အပြင် ယင်းတို့မသင်္ကာသည့် နေရာဒေသသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဗုံးပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။


မိုးမောက်ဒေအခြေစိုက်သည့် ခမရ(၄၃၇)တပ်စခန်းကို ဩဂုတ်လ ၁၉ရက်နေ့တွင် KIA ပူးပေါင်းတပ်ဖွဲ့မှ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၃ရက်အကြာတွင် စစ်တပ်မှ စစ်အင်အားအလုံးအရင်းဖြင့် တန်ပြန်စစ်ကြောင်းထိုး ချီတက်လာသောကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်သည့်အပြင် နေ့စဉ်နေ့တိုင်း တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။


ထို့အပြင် ဖားကန့်-ဆိုင်းတောင်ကျေးရွာ Lucky Men ဟိုတယ်ထဲတွင် ပိတ်မိနေသည့် ဝန်ထမ်းမျာကို ယမန်နေ့က KIA ပူးပေါင်းတပ်ဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့ပြီး၊ ညနေပိုင်း ၅နာရီခွဲအချိန်ခန့်မှာတော့ ယူမာကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည့်အပြင် ဖားကန့် တပ်မကုန်းမှ ဆိုင်းတောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရသည်။


စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများဖြင့်သော်လည်းကောင်း၊ မီးရှို့ဖျက်စီးမှုဖြင့်သော်လည်းကောင်း ဆိုင်းတောင် အရပ်သားပြည်သူများ၏ နေအိမ် ၄၀၀နီးပါး မီးလောင်ပျက်စီးခဲ့ရပြီဖြစ်ကြောင်း ဒေသတင်းရင်းမြစ်များထံမှ သိရသည်။


ပုံ-ပုံဟောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page