top of page

ဘူးဂါးမီးဖြတ်တောက်မှု ကြာလာပြီးနောက် ပြည်သူများ အဖက်ဖက်မှ ခက်ခဲလာ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဧပြီ၊၂၀၂၆။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးနောက် ပြည်သူများ၏ လူနေထိုင်မှုဘဝမှာ အဖက်ဖက်မှ စတင်ခက်ခဲလာသည်ဟု မြို့ခံများက ပြောသည်။


“မီးမရတော့ ဖုန်း၊ ပါဝါဘန့်အားသွင်းတာ၊ လိုင်းသုံးတာ၊ ရေတင်တာ၊ ဘက်ထရီဆိုင်ကယ်အားသွင်းတာ၊ ထမင်းပေါင်းအိုးတည်တာကအစ မီးနဲ့သုံးရတာတွေအားလုံး အရမ်းခက်ခဲလာတယ်။ တချိုု့က ဆိုင်တွေမှာ တစ်နာရီဘလောက်ပေးပြီး သုံးကြတယ်။ တချို့က အခမဲ့သွင်းခိုင်းတာလည်း ရှိတယ်။ ဒါပေမယ့် ကြာလာတော့ ခက်ခဲလာတယ်။” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။


ဘူဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းမှ ဘူးဂါးလျှပ်စစ်ရုံများတွင် လျှပ်စစ်အားဖြည့်သွင်းနိုင်ရန် ပြင်ဆင်ထားပေးသလို အချို့မှာ ဘက်ထရီဆိုင်ကယ်တစ်လုံး ၅၀၀၀ကျပ်၊ ဖုန်း၊ ပါဝါဘန့်တစ်လုံး တစ်ခါသွင်း ၁၀၀၀ကျပ်ဖြင့် ပိုက်ဆံပေး သွင်းကြရပြီး၊ တစ်ရက်လျှင် အစီးရေအနည်းငယ်သာ သွင်းနိုင်သောကြောင့် ခက်ခဲနေကြသည်ဟု ဆိုသည်။


“ရေတစ်ခါတင်ရင် တစ်နာရီကို သုံးသောင်းကျပ်ပေးရတယ်။ တစ်ချို့က အိမ်ထိမီးစက်နဲ့ရောက်လာပြီး ရေတင်မလားလို့ ဝန်ဆောင်မှုပေးသူတွေတောင်ရှိတယ်။ မီးဖြတ်ပြီး အစမှာ သိပ်မသိသာပေမယ့် ရက်ကြာလာတော့ အခုဆို တော်တော်သိသာလာပြီ။ မီးစက်ရှိသူတွေလည်း ဓာတ်ဆီဈေးကတက်နဲ့ မလွယ်ဘူး။ တစ်နေ့လုံးမီးစက်နိုးမယ်ဆို ၅၀၀၀၀ကျပ်ကနေ ၇၀၀၀၀ကျပ်လောက် အနည်းဆုံးကုန်နေတယ်။” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။


လျှပ်စစ်ဓာတ်အားကို အဓိကထုတ်လွှတ်ပေးနေသည့် ချီဖွေရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ပြုပြင်ထိန်းသိမ်းနေသည့်အတွက် ပြီးခဲ့သည့် ဧပြီ ၁၈ရက်နေ့မှစ၍ နှစ်ပတ်အထိ မီးဖြတ်မည်ဟု ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရုံးက စာထုတ်ပြန်ထားသည်။


ထို့နောက် ယနေ့ ဧပြီ၂၁ရက်နေ့တွင် ၄ရက်မြောက်နေ့အဖြစ် မီးဖြတ်တောက်ပြီးဖြစ်သလို ပြည်သူများမှာ မီးမရရှိသောကြောင့် အဖက်ဖက်မှ ခက်ခဲလာနေသည်ဟု ဆိုသည်။


သတင်း - ထုဆိုင်း

Photos crd- Social media


Comments


Pajau Media

Thanks for subscribing!

bottom of page