top of page

မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ဖမ်းဆီးခံခဲ့ရသည့် ဒေသခံအချို့ ပြန်လည်လွတ်မြောက်လာ

  • Writer: Pajau Media
    Pajau Media
  • Apr 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ဧပြီလ၊ ၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ဆားမှော်ကျေးရွာမှ ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၃၀ဦးထက်မနည်းသည် ယမန်နေ့ ဧပြီလ ၁ရက်နေ့တွင် စစ်ကောင်စီလက်ထဲမှ ပြန်လွတ်လာခဲ့သည့်အပြင် နောက်ထပ်၈ဦးသည်လည်း ယနေ့ ဧပြီ၂ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်ဟု ဒေသခံတွေက ပြောသည်။


“ICM အသင်းတော်ဘုရားကျောင်းက ဖမ်းဆီးခံခဲ့ရတဲ့ (၃၀)ကျော်က မနေ့က လွတ်လာပြီ၊ အဲထဲက ၂ယောက်ကိုတော့ အုပ်ချုပ်ရေးမှူးကို ဘယ်သူတွေ ဖမ်းသွားတယ်ဆိုတာ စုံစမ်းခိုင်းထားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ယင်းဖမ်းဆီးမှုများအနက် ICM အသင်းတော်ဘုရားကျောင်းဝင်းအထဲမှ ၃၀ဦး ဖမ်းဆီးခံခဲ့ရပြီး၊ အခြားလမ်းမပေါ်မှ ဒေသခံအများအပြားလည်း ဖမ်းဆီးခံခဲ့ရကာ၊ ၈ဦးမှာ ယနေ့ ပြန်လွတ်လာကြောင်း သိရသည်။

“လမ်းပေါ်က ဖမ်းဆီးခံရသူတွေထဲမှာတော့ အသက် မပြည့်သေးတဲ့ ၁၂/၁၃အရွယ်တွေလည်း ပါတယ်။ မိန်းကလေးတွေလည်း ပါတယ်။ ကျနော်တို့ သတင်းရထားတဲ့စာရင်းတောင်မှ ၁၀ယောက်ကျော်နေပြီ။ တစ်ခြား ကျနော်တို့ မသိတာတောင်မှ ဘယ်လောက်ပါအုံးမလဲ မသိဘူး။ သူတို့ကိုတော့ စစ်ကောင်စီတပ်စခန်းမှာ ချုပ်နှောင်ထားတယ်။ ဒီနေ့တော့ အသိထဲက ၈ယောက်တော့ ပြန်လွတ်လာပြီ။” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


လက်ရှိလွတ်မြောက်လာသည့် ဒေသခံများကို စစ်ကောင်စီမှ ကျေးရွာအတွင်း စောင့်ကြည့်ခိုင်းထားပြီး၊ လိုအပ်သည့်အချိန် ပြန်အကြောင်းကြားလာမည်ဟု ပြောဆိုထားကာ၊ ဖမ်းဆီးခံထားရသူ စာရင်းမှာ အတိအကျ မသိရကြောင်းနှင့် မလွတ်မြောက်လာသေးသည့် ဒေသခံများလည်း အများအပြား ရှိနေသေးကြောင်း သိရသည်။ ယင်းတို့ကို အုပ်ချုပ်ရေမှူး မလွတ်မြောက်လာသည့်တိုင်အောင် ဖမ်းဆီးထားမည်ဖြစ်ကြောင်း ထပ်မံပြောဆိုထားသည်ဟု ပြောသည်။


ဆားမှော်ကျေးရွာ ရပ်ကွက်(၂)မှ အုပ်ချုပ်ရေးမှူးသည် ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့ ညနေ ၁နာရီဝန်းကျင်တွင် အမည်မသိအုပ်စုမှ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှလည်း ကျေးရွာအဝင်အထွက် စစ်ဆေးခြင်း၊ အိမ်တွင်းအထိ စစ်ဆေးခြင်းနှင့် ကျေးရွာဒေသခံ အများအပြားကို မတရားဖမ်းဆီး ချုပ်နှောင်ထားခြင်းတို့ လုပ်ဆောင်လာသည်ဟု ဆိုသည်။


ဒေသခံတစ်ဦး ပြောပြချက်အရ စစ်ကောင်စီမှ တွေ့သမျှ ဒေသခံများကို ဖမ်းဆီးချုပ်နှောင်လာခြင်းမှာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရမှုတွင် ဆားမှော်ရပ်ကွက်(၆)မှ ဒေသခံတစ်ဦး ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ဖြစ်မည်ဟု ပြောသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page