မိုင်းနားစစ်ရှောင်စခန်းအနီးတွင် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ နေရာယူတပ်စွဲလာ
- Pajau Media

- Jun 24, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၄ရက်၊ဇွန်လ၊၂၀၂၅။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှာ ပြည်သူများနှင့်နီးစပ်သည့် ပတ်ဝန်းကျင်အတွင်း တပ်စွဲနေရာယူလာသည့်အလျောက် မိုင်းနားစစ်ရှောင်စခန်းအနီးရှိ ဒိန်ဂရီချောင်းအနီးတွင်လည်း တပ်စွဲနေရာယူထားကြောင်း မိုင်းနားစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“မိုင်းနားစစ်ရှောင်နဲ့က အရမ်းနီးနေပြီ။ မိုင်းနားကားလမ်းမပေါ်မှာ အပြင်အရပ်ဝတ်စုံနဲ့ သေနတ်လဲကိုင်ပြီး နေနေကြတယ်။ စစ်ရှောင်တွေအတွက် လုံံခြုံရေးတောင် စိုးရိမ်ရမဲ့ အခြေအနေဖြစ်နေပြီ။” ဟု မိုင်းနားစစ်ရှောင်တစ်ဦးကပြောသည်။
ဒိန်ဂရီချောင်းအနီးတွင် ပြည်သူ့စစ်များ တပ်စွဲနေရာယူထားသည်မှာ ပြီးခဲ့သည့် မေလကုန်ပိုင်းကတည်းက နေရာယူထားခြင်းဖြစ်ပြီး၊ လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးခြင်းနှင့် ဖြတ်သန်းသွားလာသည့်ကားများကို ပိုက်ဆံကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ လတ်တလောတွင် ဒိန်ဂရီချောင်းအပေါ်ဘက်၌တောရှင်းလင်းရေးများ လုပ်ဆောင်နေကြသည်ဟုဆိုသည်။
“အခုပြည်သူ့စစ်တွေ နေရာယူထားတဲ့ နေရာက ကျနော်တို့ အမြဲတမ်း အမှိုက်လာပစ်တဲ့နေရာဟုတ်တယ်။ လမ်းသွားလမ်းလာတွေကိုစစ်တယ်။ ကားတွေကို ပိုက်ဆံကောက်တယ်။ အခုက အဲဒီနေရာမှာ တပ်စခန်းချဖို့တောင် လုပ်နေပြီ။ တောရှင်းနေကြတယ်။” ဟု အထက်ပါစစ်ရှောင်ကဆက်ပြောသည်။
ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှာ ပြည်သူများနှင့် နီးစပ်သည့်နေရာများတွင် နေရာယူတပ်စွဲလာသောကြောင့် တိုက်ပွဲဖြစ်ပွားလာချိန် ပြည်သူများလုံခြုံရေးအတွက် စိုးရိမ်ရပြီး၊ ယခုကဲ့သို့ ပြည်သူများနှင့် နီးစပ်သည့်နေရာများတွင် နေရာယူလာခြင်းမှာလည်း ပြည်သူများကို ဒိုင်းကာအဖြစ် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံနှင့် စစ်ရှောင်များက ပြောဆိုနေကြသည်။
တိုက်ပွဲဖြစ်ပွားလာပါက စိုးရိမ်ရသောကြောင့် အမြန်ဆုံးရှောင်တိမ်းရန် နိုင်ငံရေးလေ့လာသူများက သတိပေးပြောဆိုထားသလို လက်ရှိ စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်အများစုမှာ မိမိနေရပ်ရင်းသို့ ပြန်သွားကြသူများပြားသော်လည်း အနည်းစုမှာ ကျန်ရှိနေသေးကြောင်း သိရသည်။
ဝိုင်းမော်ဒေသအတွင်း လတ်တလော ထိတွေ့တိုက်ပွဲ ပြင်းထန်ခြင်းမရှိသေးသော်လည်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ နေ့စဉ်ရက်ဆက်လုပ်ဆောင်နေဆဲ ဖြစ်သည့်အပြင် ချီဖွေ၊ပန်ဝါ၊ကန်ပိုင်တည်ဒေသများကို ပြန်လည်ရရှိရန် ဝိုင်းမော်-ဝါးရှောင်လမ်းအတိုင်း စစ်ကြောင်းထိုး လှုပ်ရှားမှုလည်း လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments