မိုင်းနင်းမိ၍ထိခိုက်သွားသော မနီဆိုသည့်အမျိုး သမီးသည် စားဝတ်နေရေးခက်ခဲနေပြီးအကူ အညီ လိုအပ်နေ
- Pajau Media

- Jan 19, 2024
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ထန်းတပင်ရွာအနီး ကားလမ်းဘေးတွင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာ ၆ရက်နေ့က နွားကျောင်းနေစဥ်မိုင်းနင်းမိ၍ ထိခိုက်ဒါဏ်ရာရရှိသွားသော သားအမိလေးဦးသည် စားဝတ်နေရေးခက်ခဲနေကြောင်းသိရသည်။
မိုင်းနင်းမိချိန်တွင် ယင်းအမျိုးသမီးသည် မီးဖွားခါနီး ကိုယ်ဝန်လွယ်ထားရပြီး ၊ထိခိုက်ဒါဏ်ရာပြင်း ထန်သော သားနှစ်ယောက်နှင့်အတူ မြစ်ကြီးနား ဆေးရုံတွင် တက်ရောက် ကုသခဲ့ရကြောင်းသိရသည်။
ဆေးရုံတက်နေစဉ်အချိန်တွင် ယင်းအမျိုးသမီး၏ ခင်ပွန်းဟောင်းမှ မြစ်ကြီးနားဆေးရုံသို့ရောက်ရှိလာပြီး ပရဟိတအဖွဲ့အစည်းများမှ ထောက်ပံ့ပေးအပ်ထားသော ငွေများကို ယူဆောင်သွားသောကြောင့် ဆေးရုံတက်နေစဉ် အချိန်တွင် ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။
ယင်းအမျိုးသမီးသည်စိတ်ကျန်းမာရေးချို့တဲ့သူတဦးဖြစ်ပြီး လက်ရှိတွင် ကလေးမီးဖွားထားသည်မှာဆယ်ရက်ခန့်သာရှိနေပြီး အသက်၆၀ကျော်အရွယ်မိခင်နှင့်အတူနေထိုင်နေကြောင်းသိရသည်။
"အရင်ကတော့ သူတို့သားအမိက နွားကျောင်းပြီး စားကြတယ်၊မိုင်းနင်းမိပြီးတော့ မြေးတယောက်ကဆုံးတယ်၊ တယောက်က ခြေထောက်ဖြတ်ရမဲ့အခြေအနေထိဖြစ်သွားတယ်၊နှစ်နှစ်ကျော်အရွယ်ကလေးကလဲ သိပ်နားမလည်သေးတော့ အမြဲဂျီကျနေတာ၊ မနီက အခုကလေးမွေးထားတာ မကြာသေးတော့ အလုပ်မလုပ်နိုင်သေးဘူး၊အဒေါ်က နေ့စားကြုံရာကျပန်းအလုပ်လုပ်ပြီး သူတို့သားအမိတွေကို အခုရှာကျွေးနေတာ၊နေ့စားလုပ်အားခကလဲ တရက်မှ ၆၀၀၀ ဘဲရတယ် ၊ ကျပန်းအလုပ်ဆိုတော့ နေ့တိုင်းလဲမရှိပြန်ဘူး၊ ကြာလာတော့ စားဖို့သောက်ဖို့အဆင်မပြေဖြစ်လာတယ်"ဟု ယင်းအမျိုးသမီး၏ မိခင်ဖြစ်သူမှပြောသည်။
အရပ်သားပြည်သူမိုင်းနင်းမိသည့်ဖြစ်ရပ်အား PDF တပ်ဖွဲဝင်များထောင်ထားသည်ဟု စကစမှ စွပ်စွဲထားသည်ကို မိုးညှင်းပြည်သူ့ကာကွယ်ရေးတပ်မတော် Mohnyin K-PDF တပ်ရင်း၏ဖေ့ဖုတ်ပေ့ခ်ျ စာမျက်နှာတွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း တင်ထားသည်ကိုတွေ့ရသည်။
မိုးညှင်းမြို့ ထန်းတပင်ရွာအနီးတွင် စကစမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကျခြင်းများမကြာခဏဖြစ်နေပြီး ၂၀၂၃ ဩဂုတ်လ၄ရက် နေ့တွင် ထန်းတပင်ရွာမှ အမျိုးသမီးတဦးလည်း ဘယ်ဖက် လက်တဖက်ဖြတ်လိုက်ရကြောင်းသိရသည်။
သတင်း - ကချင်ပြည်သား










Comments