top of page

မြစ်ကြီးနား-တနိုင်းသွား ကားလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ တိုးများလာပြီး၊ အကောက်အခွန်များ ပိုမိုတောင်းဆို

  • Writer: Pajau Media
    Pajau Media
  • Aug 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒူလမ်းမကြီးတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ကချင်လွတ်မြောက်ရေးတပ်(KIA)စစ်ရေးဂိတ်တစ်ခု အပါအဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် (၁၁)ဂိတ်အထိ တိုးမြင့်လာပြီး၊ အကောက်အခွန်မှာလည်း ယခင်ထက် ပိုမိုတောင်းဆိုလာသည်ဟု မြစ်ကြီးနားလီဒူလမ်းမကြီး ကားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားတစ်ဦးထံမှ သိရသည်။


မြစ်ကြီးနားမှ တနိုင်းအထိ စစ်ဆေးရေးဂိတ် စုစုပေါင်း ၁၂ဂိတ်အထိရှိနေပြီး၊ စစ်ဆေးရေးဂိတ်တစ်ခုတွင် အနိမ့်ဆုံး အကောက်ခွန်ကြေးမှာ နှစ်သောင်းကျပ်၊ အမြင့်ဆုံးအကောက်ခွန်ကြေးမှာ ငါးသောင်းကျပ်အထိ တောင်းဆိုကြပြီး၊ စစ်ကောင်စီ၏ ၂၁မိုင်စစ်ဆေးရေးဂိတ်မှာတော့ နှစ်သိန်းကျပ်အထိ ပိုမိုတောင်းဆိုလာကြသည်ဟု ဆိုသည်။


ထို့အပြင် မြစ်ကြီးနား-တနိုင်းသွားကားလမ်းပိုင်းမှာ ယခင်ကတည်းက လမ်းခရီးခက်ခဲကြမ်းတမ်းသည့်အပြင် မိုးရာသီအချိန်ကာလ လမ်းခရီးပိုမို ကြမ်းတမ်းသောကြောင့် အချို့ကားလမ်းပိုင်းနေရာများတွင် ကားမသွားနိုင်ပဲ ထွန်စက်နှင့် ဘက်ဟိုးများဖြင့် ဆွဲတင်ကာ လမ်းခရီးဆက်ကြရသည်ဟု ဆိုသည်။


ယင်းထွန်စက်၊ဘက်ဟိုးများဖြင့် ဆွဲတင်သည့်ကားလမ်းနေရာများတွင်လည်း ဆွဲတင်ခပေးရသည့်အပြင် ကားအကြီး၊ အသေးနှင့် ခြောက်ဘီးကား၊ ဆယ့်နှစ်ဘီးကား စသည့် ကားအမျိုးအစားအလိုက် သုံးသောင်း၊ ရှစ်သောင်းမှ တစ်သိန်း၊ နှစ်သိန်းအထိ ပြန်လည်ပေးဆောင်ရသောကြောင့် ကားသမားများမှာ ငွေကြေးပမာဏများစွာ ပေးဆောင်မှသာလျှင် တနိုင်းမြို့အဝင် ရောက်ရှိကြသည်ဟု ဆိုသည်။


ထို့ကြောင့် တနိုင်းလီဒူလမ်းမကြီး ကားလမ်းပိုင်းတွင် ပြေးဆွဲသည့် ကားသမားများမှာ စက်သုံးဆီဈေးနှုန်း အပါအဝင် မြစ်ကြီးနားမှ အတက်လမ်းကြောင်းတစ်ခုလျှင်ပင် အနည်းဆုံးဆယ်သိန်းကျပ်မှ ဆယ်သိန်းခွဲကျပ်အထိ အကုန်အကျခံ ပြေးဆွဲနေရကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page