top of page

မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေး အဆမတန်ကောက်ခံနေ

  • Writer: Pajau Media
    Pajau Media
  • Nov 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊နိုဝင်ဘာ၊၂၀၂၄။





မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များမှ ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းတင်ကားများကို ဂိတ်တိုင်းတွင် အဆမတန် ဂိတ်ကြေးကောက်ခံနေကြောင်း မြစ်ကြီးနားမှတနိုင်းသို့ ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။


ခရီးသွားပြည်သူတင်ကားများကို ၇၀၀၀၀ကျပ် ကောက်ခံပြီး စက်သုံးဆီနှင့် ကုန်ပစ္စည်းတင်ကားများကိုတော့ ပစ္စည်းအရေအတွက်ပေါ် မူတည်ကာ ဆယ်သိန်းမှ သိန်းငါးဆယ်အထိ ကောက်ခံနေသည်ဟု ဆိုသည်။


မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမကြီးပေါ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် အားလုံးပေါင်း ၇ခုထက်မနည်းရှိနေပြီး၊ အဆိုပါစစ်ဆေးရေးဂိတ်တိုင်းတွင် ခရီးသွားပြည်သူများနှင့် ကုန်တင်ကားများကို တားဆီးစစ်ဆေးကာ ဂိတ်ကြေးအဆမတန် ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် မြစ်ကြီးနားနှင့် တနိုင်းအကြား ကုန်တင်ကားတစ်စီး သယ်ယူပို့ဆောင်နိုင်ရေးအတွက် သိန်းငါးဆယ်နီးပါး အကုန်အကျခံမှသာ ရောက်နိုင်သည့်အပြင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ဂိတ်ကြေးကို ယင်းတို့စိတ်ကြိုက် အဆမတန်ကောက်ခံနေခြင်းကြောင့် ခရီးသွားပြည်သူများနှင့် ကားသမားများ အခက်အခဲ ဖြစ်နေကြသည်။


မြစ်ကြီးနားနှင့်တနိုင်း အကွာအဝေးမှာ မိုင်၁၀၀ ကျော်သာရှိသော်လည်း လီဒိုလမ်းမကြီးတစ်လျှောက် ကားလမ်းပိုင်းအပျက်အစီးကြောင့် လမ်းခရီးကြမ်းတမ်းပြီး လယ်ထွန်စက်၊ ဘက်ဟိုး၊ ဆင်များနှင့် ဆွဲပြီးမောင်းရခြင်းကြောင့်လည်း ပိုမိုခက်ခဲသည့်အပြင် လတ်တလောပြတ်လပ်နေသည့် စက်သုံးဆီနှင့် ဆီဈေးနှုန်းမြင့်တက်မှုကြောင့်လည်း ကားသမားအချို့ ရပ်နားထားရသည်အထိ ရှိလာကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page