top of page

မြစ်ကြီးနား-ပူတာအိုကားလမ်း ပိတ်ထားသည်ကို အခွင့်ကောင်းယူ၍ စက်သုံးဆီဈေး မြင့်တက်ကာ အရောင်းအဝယ် မပြုလုပ်ကြရန် KPF နှင့် K-PDF ပူးတွဲ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • May 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊မေလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ် ပူတာအိုခရိုင်ဒေသအတွင်း စစ်ရေးတင်းမာနေပြီး လုံခြုံရေးအခြေအနေကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိုင်းဆိုင်ရာ ယာယီပိတ်ပင်ထားမှုကို အခွင့်ကောင်းယူကာ အဆမတန်မြင့်တက်ပြီး စက်သုံးဆီ အရောင်းအဝယ် မပြုလုပ်ကြရန် ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်(K-PDF)နှင့် ခါကာပူပြည်သူ့ကာကွယ်ရေးတပ်(KPF) က ယမန်နေ့ မေလ၉ရက်နေ့တွင် ပူးတွဲသတိပေးထုတ်ပြန်ခဲ့သည်။


မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိတ်ပင်ထားခဲ့ပြီးနောက် ပူတာအိုခရိုင်ဒေသတွင် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပြီး၊ ယမန်နေ့ဈေးနှုန်းအထိ ဓါတ်ဆီတစ်ပုလင်းတွင် ကျပ်(၅၀၀၀၀)အထိ မြင့်တက်နေခဲ့သည်။


ထုတ်ပြန်ချက်ထဲတွင်လည်း ကားလမ်းပိုင်း ယာယီပိတ်ထားခြင်းအပေါ် အခွင့်ကောင်းယူ၍ စက်သုံးဆီဈေး အဆမတန်မြင့်တက်ကာ အရောင်းအဝယ် ပြုလုပ်နေကြသည်ကို KPF နှင့် K-PDFတပ်ဖွဲ့တို့မှ စုံစမ်းစစ်ဆေးလျက်ရှိနေကြောင်း ဖော်ပြထားသည်။


KPF နှင့် K-PDFတပ်ဖွဲ့တို့မှာ ယခုကဲ့သို့ ခက်ခဲကြပ်တည်းသည့် ကာလတွင် မိဘပြည်သူလူထုအပေါ် စီးပွားရေးခေါင်းပုံဖြတ်ခြင်း၊ စစ်အာဏာရှင်အုပ်စုနှင့် ပူးပေါင်းကာ စီးပွားရှာခြင်း စသည့်လုပ်ရပ်များကို မပြုလုပ်ပေးကြရန် အသိပေးမေတ္တာရပ်ခံလာခြင်းဖြစ်သည်။


အသိပေးမေတ္တာရပ်ခံချက်အား လိုက်နာမှုမရှိဘဲ ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေမည်ဆိုပါက စက်သုံးဆီလုပ်ငန်းများအား ပိတ်ပင်သိမ်းဆည်းသည့်အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံ ဖော်ပြထားသည်။


ပြီးခဲ့သည့် မတ်လ ၈ရက်နေ့ ညနေပိုင်းမှ စတင်၍ ဆွမ်ပရာဘွမ် မြို့နယ်ဘက်တွင် နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် မြစ်ကြီးနားမှ ပူတာအိုသွား ကားလမ်းများ ပိတ်ပင်ထားခဲ့ပြီးနောက် ပူတာအိုခရိုင်ဒေသအတွင်း စက်သုံးဆီဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page