top of page

မြစ်ကြီးနား-ပူတာအိုခရီးစဉ် ပြေးဆွဲနေသောကားများ ခရီးသည်မပါဘဲ ကုန်ပစ္စည်းများသာတင်ကာပြေးဆွဲနေရ

  • Writer: Pajau Media
    Pajau Media
  • Feb 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပေါ် ပြေးဆွဲနေသည့် ကားများမှာ လတ်တလောတွင် ခရီးသည်မပါဘဲ ကုန်ပစ္စည်းများဖြင့်သာ ပြေးဆွဲနေရကြောင်း ကားသမားတစ်ဦးထံမှ သိရသည်။


"အခုလောလောဆယ်တော့ ခရီးသည်မပါဘဲ သွားကြတာများတယ်၊ ခရီးသည်ပါပြီဆိုရင် ဂိတ်တွေမှာ အရမ်းပြောယူရတယ်၊ ဆွမ်ပီယာန်ဂိတ်မှာဆိုရင် စစ်တပ်က မဖြတ်ခိုင်းဘဲ ပြန်ခေါက်ခိုင်းတာတွေ ခနခနလုပ်တာ၊ ကေအိုင်အေဂိတ်တွေမှာဆိုလည်း လူငယ်ပိုင်းတွေကိုဆိုရင် သူတို့ခေါ်ထားတာတွေရှိတယ်၊ အဲ့ဒါကြောင့်‌ အခုလောလောဆယ်တော့ လူလတ်ပိုင်းခရီးသည်တွေကိုတော့ မတင်ဘူး၊ အသက်ကြီးရွယ်အိုတွေလောက်ပဲ သွားလာကြတာများတယ်" ဟု မြစ်ကြီးနား-ပူတာအိုပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။


ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် မြစ်ဆုံအထက် ဝေရှီကျေးရွာအနီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနား-ပူတာအို ကားလမ်းတစ်လျှောက် နှစ်ဖက်စစ်ဆေးရေးဂိတ်များ တင်းကျပ်စွာ စစ်ဆေးမေးမြန်းခြင်း၊ သွားလာခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။


ယင်းအချိန်မှစပြီး အဆိုပါကားလမ်းအတိုင်း ခရီးသွားသူများ နည်းပါးသွားပြီး၊ ရံဖန်ရံခါ သက်ကြီးရွယ်အိုများသာ သွားလာကြကြောင်းနှင့် ကားလမ်းတစ်လျှောက် နှစ်ဖက်စစ်ဆေးရေးဂိတ်မှ တင်းကြပ်စွာ စစ်ဆေးလာကြောင်း သိရသည်။


တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်မှာ ပူတာအိုမြို့အတွင်း အစစ်အဆေး တင်းကြပ်ထားသည့်အပြင် ပူတာအို-မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရှိ ဆွမ်ပီယာန်၊ လုံရှာယန်၊ တန်ဂျာစသည့် ကျေးရွာများတွင် စစ်အင်အာဖြည့်တင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page