top of page

မြစ်ကြီးနား-ပူတာအိုလမ်း ထပ်မံပိတ်ဆို့လာနိုင်သည့်အတွက် ဒေသခံများစိုးရိမ်နေ

  • Writer: Pajau Media
    Pajau Media
  • Sep 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊စက်တင်ဘာလ၊၂၀၂၄။



ပူတာအို-မြစ်ကြီးနားသွား ကားလမ်းကို ယခုလလယ်ပိုင်းခန့်တွင် ထပ်မံပိတ်ပင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသဖြင့် ပူတာအိုဒေသခံများ စိုးရိမ်ပူပန်နေကြရသည်ဟု သိရသည်။


ရာသီဥတုကြမ်းတမ်းသောကြောင့် ပျက်စီးခဲ့ရသည့် လမ်းပိုင်းများပိတ်ဆို့သွားခဲ့ပြီး လတ်တလောပြုပြင် ဆောက်လုပ်ကာ သွားလာနေသည်မှာလည်း တစ်လနီးပါးခန့်သာ ရှိသေးကြောင်းနှင့် ယခုကဲ့သို့ လမ်းများ ထပ်မံပိတ်ပင်မည့် သတင်းများ ထွက်ပေါ်နေခြင်းအပေါ် ဒေသခံများ အလွန်စိုးရိမ်နေကြသည်။


"အခုမှ ဆီဈေး၊ကုန်ဈေးနှုန်းတွေ နည်းနည်းပါးပါး ကျလာခါစပဲရှိသေးတယ်။ လမ်းထပ်ပိတ်တော့မယ်ဆိုတဲ့ သတင်းတွေက ဆက်တိုက်ပြန်ထွက်လာနေပြီ။ ပူတာအိုကားတွေ တက်လာတာမှ မကြာသေးဘူး၊ ဒါတောင်ကုန်ကားကြီးတွေဆို ကောင်းကောင်းမရောက်နိုင်သေးတဲ့ အခြေအနေပဲရှိသေးတယ်။ ပြည်သူတွေတစ်အားဒုက္ခရှိသေးတဲ့ အခြေအနေပဲရှိသေးတယ်။” ပူတာအိုဒေသခံတစ်ဦးက ပြောသည်။


"လမ်းထပ်ပိတ်တော့မယ်ဆိုတာ ပူတာအို-မြစ်ကြီးနားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ ပြောကြတယ်၊ မြစ်ကြီးနားကနေလည်း ဆွမ်ဘာရာဘွမ်ဘက်ကို ထိုးစစ်ဆင်နေတာတွေ တွေ့ရပြီး၊ ဆွမ်ပီယာန်အုပ်စုထဲမှာလည်း ပြည်သူတွေ တိမ်းရှောင်ထားတာ လကြီးပိုင်းဖြစ်နေပြီဆိုတော့ လမ်းကြောတစ်ခုလုံးက မလုံခြုံတော့ဘူးလေ၊ အဓိကတော့ လမ်းပိတ်မယ်ဆိုတာ တိုက်ပွဲတွေဖြစ်လာမယ့် အခြေ‌အနေကြောင့်ပေါ့၊ စစ်တပ်အဖွဲ့က ပိတ်မယ်ဆိုတာ ပြောထားတာတော့ မရှိသေးပါဘူး" ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


ထွက်ပေါ်နေသည့် သတင်းများအရ စက်တင်ဘာလ ၂၀ရက်ကျော်နောက်ပိုင်းတွင် ထပ်မံပိတ်ပင်မည်ဖြစ်ကြောင်း သိရပြီး၊ မည်သည့်အကြောင်းအရင်းကြောင့်ကို အသေအချာ တိတိကျကျ မသိရပေမယ့် နိုင်ငံရေးအခြေအနေ နှင့် စစ်ရေးတင်းမာလာနိုင်ခြေ ရှိတာကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများ သုံးသပ်ပြောဆိုထားသည်။


ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်းသည် ၂၀၂၄ခုနှစ် နှစ်ဆန်းပိုင်းကတည်းက နှစ်ဖက်တိုက်ပွဲများကြောင့် မကြာခဏ ကားလမ်းပိတ်ဆို့ပြီး ဒေသအတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှု၊ ဆက်သွယ်ရေးခက်ခဲမှု၊ စား‌သောက်ကုန်နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှု စသည့်အခက်အခဲ ပြသနာများ ဆက်တိုက်ဖြစ်ပျက်နေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။


 သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page