မြစ်ကြီးနား-ဖားကန့်-လီဒိုလမ်းမပေါ်တစ်လျှောက် စစ်ရေးတင်းမာနေသောကြောင့် ကျေးရွာဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရ
- Pajau Media

- May 2, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂ရက်၊မေလ၊၂၀၂၅။
KIAအမှတ်(၉)တပ်မဟာ၊ ဖားကန့်ဒေသရှိ နန့်ယားကျေးရွာဝန်းကျင်တွင် ယနေ့အထိ နှစ်ဖက်စစ်ရေး ပြင်းထန်ကာ စစ်ကောင်စီမှလေကြောင်းပစ်ခတ် တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။
မေလ(၁)ရက်နေ့မှစ၍ နန့်ယားကျေးရွာအောက် အွမ်ကထောင်စခန်းကုန်းတွင် KIAနှင့် စစ်ကော်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယနေ့တွင်လည်း နန့်ယားကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို KIAပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦးက မြစ်ကြီးနားဘက်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါစစ်ကောင်စီတပ်များမှာ ကားမိုင်းဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးချီတက်လာခဲ့ချိန် KIAတပ်ဖွဲ့များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့များမှာ အင်အားအလုံးအရင်းအဖြင့် စစ်ကြောင်းခွဲကာ ဖားကန့်မြို့ဘက် ဦးတည်တိုက်ခိုက်နိုင်ခြေရှိသောကြောင့် တော်လှန်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသသတင်းရင်းမြစ်များက ဆိုကြသည်။
ထို့အပြင် ဟူးကောင်း၊လီဒိုလမ်းမပေါ် ရှိ လဝါးကျေးရွာ ဆုတောင်းတောင်တွင် တပ်စွဲနေရာယူထားသော တပ်ပေါင်းစုများကိုလည်း KIAပူးပေါင်းတပ်ဖွဲ့များက မေလဆန်း(၁)ရက်နေ့ကတည်းက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ယနေ့အချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သည်။
အဆိုပါ လဝါးဆုတောင်းတောင်ကို ယနေ့ မေလ၂ရက်နေ့တွင် KIAပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဖေ့ဘုတ်စ်စာမျက်နှာများတွင် ပြောဆိုနေကြသော်လည်း ပါဂျောင်မီဒီယာမှသီးခြားအတည်မပြုနိုင်သေးပါ။
မြစ်ကြီးနား-ဖားကန့်-လီဒိုလမ်းမပေါ်တစ်လျှောက် စစ်ရေးတင်းမာနေသောကြောင့် ကျေးရွာဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ အများစုဟာ ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုနှင့် နီးစပ်ရာများတွင် တိမ်းရှောင်နေထိုင်ကြကြောင်း ထပ်မံသိရသည်။
သတင်း - ထုဆိုင်း










Comments