top of page

မြစ်ကြီးနား-ဖားကန့်လမ်းတစ်လျှောက် စစ်ကောင်စီမှအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလျှက်ရှိသော်လည်းKIAပူးပေါင်းတပ်ဖွဲ့မှ ဗန်းမော်မြို့သိမ်းတိုက်ပွဲအားပြန်လည်အရှိန်မြှင့်တင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဧပြီ၊၂၀၂၅။




ကချင်ပြည်နယ် မြစ်ကြီးနား - ဖားကန့်လမ်း တစ်လျှောက် စစ်ကောင်စီမှစစ်ကြောင်းထိုးနေပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း ယနေ့ ဧပြီ ၂၅ရက်တွင် ပြန်လည် ပြင်းထန်လာကြောင်းသိရသည်။


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဧပြီ ၂၅ ရက်နံနက်အချိန် ၄နာရီ ခန့်မှစ၍ KIA နှင့် စစ်ကောင်စီကြား တိုက်ပွဲတစ်ဖန်ပြန်လည်ပြင်းထန်လာကြောင်း ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။ ဧပြီ ၂၄ ရက်တွင်လည်း ဖားကန့်မြို့နယ် ကားမိုင်း သို့ စစ်ကောင်စီမှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဖားကန့် ၊နန့်ယား ဒေသအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်နေကြောင်း စစ်ရှောင်နေသူများအား သွားကြိုသည့် ဖားကန့် မြို့ခံတစ်ဦး၏ပြောပြချက်အရသိရသည်။


“ ခုကစစ်ရှောင်တွေက အကုန်ရှောင်ရတဲ့ သဘောဟုတ်တယ်၊ လုံဘာ နဲ့ နန့်ယား အဲ့တစ်လျှောက်ကတော့ အကုန်ရှောင်ရမယ်၊ ပစ်ခတ််တိုက်ပွဲဖြစ်တဲ့ နေရာတွေက နန့်ယားနဲ့ သိပ်မဝေးဘူး၊ မနေ့က ၃ နာရီအချိန်လောက်မှာ စစ်ရှောင်တွေကို သွားကြိုတဲ့အချိန် နန့်ယား ကနေတောင် လက်နက်ကြီးငယ်သံတွေကြားရတယ်၊ ခုချိန်ထိလည်း စစ်ရှောင်တွေကို သွားကြိုနေတုန်းပဲ။” ဟု ပြောသည်။


ဧပြီ ၂၅ ရက်နံနက်ပိုင်းမှစပြီး မြစ်ကြီးနားမြို့တွင်လည်း လက်နက်ကြီးသံများအဆက်အပြတ်ကြားနေရကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။ စစ်ရေးပြန်လည်တင်းမာနေသောကြောင်း နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ(Seng Hpra) ၊ ခိုင်ရန်(Hkrai Run) နှင့် ဂတ်နွယ် ဒေသများရှိပြည်သူများ အားလုံးစစ်ရှောင်နေရသောကြောင်း စစ်ရှောင်များအားသွားကြိုရန် ကား၊ နေရာထိုင်ခင်း နှင့် အစားအသောက်များ အရေးပေါ်လိုအပ်နေကြောင်းသိရသည်။


စစ်ကောင်စီက ဖျက်အားပြင်းငလျှင်ကြောင့် ပြန်လည်တည်ဆောက်ရေးအတွက် ဧပြီ ၃၀ရက်အထိ အပစ်ခတ်ရပ်စဲရေး ထပ်တိုးကြေညာထားသော်လည်း ကချင်ပြည်နယ်တွင် စစ်အင်အား အလုံးအရင်းဖြင့် ဆက်လက် စစ်ကြောင်းထိုးနေပြီး ကချင်ပြည်နယ် နေရာအနံ့တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာကြာင်းသိရသည်။


သတင်း- ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page