top of page

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း၊ နမ္မတီး-လဝါးလမ်းရှိ မရန်ကထောင်စုပေါင်းဂိတ်တွင် ဆန်၊ဆီ၊ကြက်သွန်များ သယ်ဆောင်ဖြတ်သန်းခွင့် ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ။

၁၅ရက်၊မေလ၊၂၀၂၅။




မိုးကောင်းမြို့နယ်၊ မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း၊ နမ္မတီး-လဝါးလမ်းရှိ မရန်ကထောင် စုပေါင်းဂိတ်တွင် ဆန်၊ဆီ၊ကြက်သွန်များ သယ်ဆောင်ဖြတ်သန်းခွင့် မပေးဘဲ တားဆီးကန့်သတ်ထားသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦး ပြောပြချက်အရသိရသည်။


“ဂိတ်မှာ တစ်ခြားပစ္စည်းတွေ အကုန်လုံးက ပုံမှန်ဘဲ သွားလို့ရတယ်။ သယ်ခိုင်းတယ်ပေါ့။ ဆန်တို့၊ဆီတို့၊ကြက်သွန်တို့လို စားနပ်ရိက္ခာတွေဆို မသွားခိုင်းတော့ဘူး။ ဆန်ဆို တစ်ပြည်၊နှစ်ပြည်ဆို သယ်လို့ရသေးတယ်။ အများကြီး အိတ်ပြည့်ပြီဆို မသယ်ခိုင်းတော့ဘူး။” ဟု သူက ပြောသည်။


ဧပြီ၂၄ရက်နေ့ကတည်းက ဖားကန့်ဒေသ စစ်ရေးတစ်ဖန် မြင့်တက်လာသည့်နောက်ပိုင်း စုပေါင်းဂိတ်တွင် စားနပ်ရိက္ခာ သယ်ဆောင်ခြင်းကို စီစစ်လာပြီး ကန့်သတ်လာခြင်း ဖြစ်ကြောင်း သိရသည်။


“အဲဒီဂိတ်က ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ စုပေါင်းနေထိုင်တဲ့ ဂိတ်ဖြစ်တယ်။ စားနပ်ရိက္ခာတွေ၊ ဆန်၊ဆီ၊ကြက်သွန်တွေ မသယ်ခိုင်းတာက မေလ၈ရက်နေ့ကတည်းက မသွားခိုင်းတော့တာ, အခုထိဘဲ။” ဟု သူက ပြောသည်။


ဖားကန့်ဘက်ကို ယခုရက်ပိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာသလို တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်စစ်ရေး တင်းမာမှုအရှိန် မြင့်တက်နေဆဲဖြစ်သည်။


ထို့ကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာ မသယ်ဆောင်ခိုင်းသည်မှာ ဖားကန့်ဘက်ထောက်ပို့လုပ်မည်စိုးရိမ်သောကြောင့် တားဆီးကန့်သတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။


အဆိုပါ မရန်ကထောင်ဂိတ်ရှိရာ ဖားကန့်လမ်းပိုင်းသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA)တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် လမ်းပိုင်းဖြစ်ပြီး၊ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေသည့် လမ်းပိုင်းနေရာလည်း ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page