top of page

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရပြီး ဦးခေါင်းဒဏ်ရာဖြင့် စိုးရိမ်ရ အခြေအနေဖြစ်နေ

  • Writer: Pajau Media
    Pajau Media
  • May 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊မေလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓါးမြတိုက်ခံရကာ ဝိုင်းရိုက်ခံရသောကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိကာ စိုးရိမ်ရ အခြေအနေဖြစ်နေသည်ဟု မိသားစုဝင်များထံမှ သိရသည်။


ပြီးခဲ့သည့် မေလ၆ရက်နေ့ ည၈နာရီခန့်တွင် ဆိုင်ကယ်ဖြင့် အိမ်အပြန်လမ်း တစ်နေရာတွင် အမည်မသိ လူအုပ်စုများထံမှ ရိုက်နှက်ကာ ပစ္စည်းယုယက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။


"အိမ်ကနေ သူငယ်ချင်းတွေနဲ့ တွေ့ဖို့သွားလိုက်တာ၊ ညနက်တဲ့ အချိန်ထိ ပြန်မလာလို့ ဖုန်းဆက်တော့ ဖုန်းကမကိုင်ဘူး၊‌ နောက်တကြိမ် ဖုန်းထပ်‌ခေါ်တော့ ဖုန်းကစက်ပိတ်သွားပြီ၊ ပြန်ရမှာမိုးချုပ်လို့ သူငယ်ချင်း‌တွေနဲ့ အိပ်လိုက်ပြီလို့ထင်ပြီး လိုက်မရှာကြဘူး၊ မနက်မိုးလင်းမှ အိမ်နားက လမ်းမှာလဲနေတာ‌တွေ့လို့ ဆေးရုံပို့လိုက်ရတယ်။” ဟု ရိုက်နှက်ခံထားရသူ မိသားစုဝင်တစ်ဦးမှ ပြောသည်။


လုယက်ခံရသည့် ပစ္စည်းများမှာ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ်နှင့် လက်စွပ်တစ်ကွင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။


မိသားစုများ ပြောပြချက်အရ လုယက်ခံရသူမှာ မေလ ၆ရက်နေ့ ည၈နာရီခွဲချိန်ခန့်၌ ဆိုင်ကယ်ဖြင့် အပြင်သွားပြီး အိမ်အပြန်လမ်းတွင် မီးမောင်းထိုးကာ မျက်နှာချင်းဆိုင် မောင်းလာသည့် ကားတစ်စီးမှ လူအုပ်စုလိုက်ထွက်လာကြပြီး လက်မှာပါလာသော ဒုတ်နှင့် ခေါင်းအား ရိုက်ချလိုက်ခြင်းဖြစ်ပြီး လက်စွပ်၊ ဖုန်းနှင့် ဆိုင်ကယ်ယူသွားသည့်အပြင် ဒုတ်နှင့် ဝိုင်းရိုက်သောကြောင့် သတိလစ်သွားခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။


လက်ရှိ ဓါးမြတိုက်ခံရပြီး ဒဏ်ရာရရှိသူ အမျိုးသားမှာ ဒုတ်ဖြင့် ဝိုင်းရိုက်ခံရခြင်းကြောင့် ဦးခေါင်းဒဏ်ရာရရှိကာ ဆရာဝန်များမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ပြောဆိုထားပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရသည်ဟု မိသားစုဝင်များထံမှ သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page