မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာရှိစစ်တပ်ကောင်စီဂိတ်တွင် လမ်းသွားလမ်းလာများကို မှတ်ပုံတင်စစ်ဆေးတင်းကျပ်နေ
- Pajau Media

- Jul 1, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁ရက်၊ဇူလိုင်လ၊၂၀၂၅။

မြစ်ကြီးနား-ပူတာအိုသွားလမ်းရှိ တန်ဖရဲကျေးရွာမှ စစ်ကောင်စီစခန်းဂိတ်တွင် ပူတာအိုဘက်မှ ဆင်းလာသူများမှလွဲ၍ အခြားခရီးသွားဧည့်သည်များကို သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံအချို့ပြောပြချက်မှ သိရသည်။
“အခုတလော တန်ဖရဲဂိတ်မှာ အရမ်းစစ်တယ်။ ပူတာအို၊ဆွမ်ပရာဘွမ်၊အင်ဂျန်းယာန်မှတ်ပုံတင်ကိုင်တဲ့ သူတွေကိုပဲ ဖြတ်သွားခိုင်းတယ်။ တစ်ခြားဒေသကဆို မဖြတ်ခိုင်းဘူး။ အဆင်းဘက်က ဖြတ်ခိုင်းပြီး၊ အတက်ဆို မသွားခိုင်းတော့ဘူး။ အသေးစိတ် စစ်တယ်။ အင်ဂျန်းယာန်ဘက် ကျောင်းတက်မဲ့ ကလေးတွေကိုလဲ မသွားခိုင်းဘူး။” ဟု အင်ဂျန်းယာန်မှ ဆင်းလာသည့် ခရီးသွားတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များမှာ မြစ်ကြီးနားမြို့ အဝင်အထွက်ရှိဂိတ်များတွင် ခရီးသွားများကို ပြင်းပြင်းထန်ထန် စစ်ဆေးနေပြီး၊ ဖြတ်သွားဖြတ်လာ ကားများ၊ ခရီးသွားများကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် ပိုက်ဆံကောက်ခံခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း ခရီးသွားများက ပြောသည်။
ထို့အပြင် (၂၁)မိုင်ဂိတ်တွင်လည်း မှတ်ပုံတင်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး၊ မှတ်ပုံတင်မကိုင်ဆောင်သူများမှာ ကျေးရွာအုပ်ချုပ်ရေး ထောက်ခံစာနှင့်အတူ သွားလာနေရကြောင်းနှင့် မှတ်ပုံတင်ကိုင်ဆောင်ထားသော်လည်း ခေါင်းစဉ်အမျိုးမျိုးဖြင့် နာမည်တပ်ဖမ်းဆီးကာ ငွေဖြင့်ပြန်လည်ရွေးခိုင်းခြင်းများရှိကြောင်းလည်းသိရသည်။
သတင်း - ပီလမ့်အူ




Comments