မြစ်ကြီးနား-မိုးညှင်း အဝေးပြေးလမ်းတွင် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်များ တိုးမြင့်ပြီး တင်းကြပ်စွာ စစ်ဆေးနေ
- Pajau Media

- Feb 13, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ် မြစ်ကြီးနား-မိုးညှင်း အဝေးပြေးလမ်းမတွင် စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်များ တိုးမြင့်ကာ ခရီးသွားပြည်သူများအား တင်းကြပ်စွာ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
"မိုးကောင်းက နှီးဘုရားရှေ့က ဘုန်းကြီးကျောင်းမှာ ပြည်သူ့စစ်တွေ တပ်စွဲထားပြီး ခရီးသွားကားတွေကို စစ်နေတာ၊ ကျမတို့အရှေ့က ကားသမားကိုဆိုရင် ဖုန်းကအစ စစ်ခံရတယ်၊ သူတို့ရှာတဲ့သူရဲ့ နာမည်နဲ့ဓါတ်ပုံကို တိုက်စစ်ပြီးရှာနေကြတာ၊ အရင်ကပိုက်ဆံတောင်းတဲ့ ဂိတ်တွေဘဲများတာ အခုက စစ်ဆေးရေးဂိတ်တွေတိုးလာတယ်” ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။
မြစ်ကြီးနား- မိုးညှင်း အဝေးပြေးလမ်း တစ်ကြောတွင် စစ်ကောင်စီ အာဏာသိမ်း ၃နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်နေ့မှစ၍ စစ်ဆေးရေးဂိတ်များနှင့် ဌာနဆိုင်ရာ ရုံးများ တိုးချဲ့ကာ ခရီးသွားပြည်သူများအား တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြေင်း သိရသည်။
“ဆားမှော်အဝင်မှာလဲ ရှောင်တခင် စစ်ဆေးရေးဂိတ် တခုတိုးထားတယ်၊ မှတ်ပုံတင်စစ်တယ်၊ လူအုပ်စုများရင် ကားပေါ်ကနေပါ ဆင်းခိုင်းတယ်၊ ခရီးသွား ကားနဲ့ဆိုင်ကယ်တွေကို စစ်နေတာ၊ ဆိုင်ကယ်သမားကိုတော့ တူးဘောက်ထဲ မူးယစ်ဆေးမိတာ လူကိုမဖမ်းဘဲ ဆေးဘဲသိမ်းထားလိုက်ပြီး ပြန်လွတ်လိုက်တယ်၊ ကားနောက်ဖုံးထဲ ဘာပါလဲစစ်တယ်၊ ခုချိန်ကခရီးသွားရတာ အဆင်မပြေတော့ဘူး” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။
ထို့အပြင် ယင်းစစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများအပြင် ဖမ်းဆီးမှုများပါ လုပ်ဆောင်လာကြောင်းနှင့် ယမန်နေ့၌လည်း ခရီးသွားနှစ်ဦး ဖမ်းဆီးခံရကြောင်း ကားဆရာတစ်ဦး ပြောပြချက်အရ သိရသည်။
"သေချာတော့မသိဘူး မနေ့က စစ်ဆေးရေးဂိတ်မှာ လူနှစ်ယောက် အဖမ်းခံရတယ်လို့ ကြားပေမယ့် ဘယ်ဂိတ်ကဖမ်းပြီး ဘယ်ကလူတွေ ဖမ်းခံရမှန်းမသိလိုက်ဘူး၊ အရင်ပိုက်ဆံတောင်းတဲ့ စစ်တပ်ဂိတ်တွေမှာ ပြည်သူ့စစ် အင်အားထပ်ဖြည့်ထားတာတော့ တွေ့တယ်" ဟု သူကပြောသည်။
ယခင်က၂၁မိုင်ဂိတ်တွင် ဌာနဆိုင်ရာ ငါးခုခန့်သာရှိသော်လည်း ယခုအခါတွင် လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ စစ်သား၊ မော်တော်ပီကယ်၊ စည်ပင်၊ ပြည်သူ့စစ်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကညန၊ လဝက၊ ထွေအုပ်ရုံးနှင့် ယကတ(ယာဉ်ကြီးကြပ်) အစရှိသည့် ဆိုင်ရာဌာနများ ထပ်တိုးထိုင်ထားကြောင်း ထပ်မံသိရှိရသည်။
သတင်း - ကချင်ပြည်သား




Comments