top of page

မြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုမိုများပြားလာနေသော်လည်း သက်ဆိုင်ရာမှတာဝန်ယူဖြေခြင်းပေးခြင်းမျိုးမရှိနေ

  • Writer: Pajau Media
    Pajau Media
  • Jun 30, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃၀ရက်၊ဇွန်လ၊၂၀၂၅။


မြစ်ကြီးနားမြို့လယ်ခေါင် ဧရာကွက်ရှိ ကျောက်စိမ်းအဝိုင်းပတ်ရှေ့နေရာတွင် နေ့ခင်းကြောင်တောင် အမျိုးသမီး တစ်ဦး ပိုက်ဆံအိတ် လုယက်ခံခဲ့ရကြောင်း သိရသည်။


“ကျမဘက်ထရီဆိုင်ကယ်နဲ့ မြို့ထဲသွားတဲ့အချိန် ဆိုင်ကယ်အရှေ့မှာ ပိုက်ဆံအိတ်ထည့်ထားတာကို ယောက်ျားနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်က လုယူသွားတယ်။ မြစ်ကြီးနားကျောက်စိမ်းအဝိုင်းပတ်ရှေ့မှာ ဟုတ်တယ်။ လူသွားလာတာ အများကြီးရှိတဲ့အချိန် ဖြစ်သွားတာ။” ဟု ပိုက်ဆံအိတ်လုယက်ခံရသူ အမျိုးသမီးက ပြောသည်။


ပိုက်ဆံအိတ်ထဲတွင် ကျပ်ငွေ ၄သိန်းနှင့် တရုတ်ငွေ ယွမ်(၃၀၀) ပါသွားခဲ့ပြီး၊ အမျိုးသားနှစ်ဦးစီးလာသည့် ဆိုင်ကယ်မှာအရှိန်ဖြင့် မောင်းနှင်ထွက်ပြေးသွားသောကြောင့် လိုက်မမီခဲ့ကြောင်း ဆိုသည်။


ယခုကဲ့သို့ လမ်းသွားလမ်းလာ ပစ္စည်းလုယက်၊ဓားပြတိုက်ခံရမှုထဲတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ပြီး၊ ခိုးဆိုးလုယက်မှုများ ရှိနေသော်လည်း သက်ဆိုင်သည့် ရဲစခန်းမှ တာဝန်ယူ ဖြေရှင်းပေးခြင်းမျိုးမရှိသောကြောင့် မိမိလုံခြုံရေးနှင့် မိမိဥစ္စာပစ္စည်းများကို မိမိသာ တာဝန်ယူနေရသည်ဟုလည်း ပြောသည်။


အုပ်ချုပ်ရေးယန္တရား ပျက်စီးပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင် သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိတော့ဘဲ သူခိုး၊ဓားပြ၊ ခိုးဆိုးလုယက်မှု ဖြစ်စဉ်များနှင့် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲသူများမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေမြဲ ဖြစ်သည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။


ထို့ကြောင့် သွားလာရာတွင် တစ်ဦးတစ်ယောက်ထဲမဟုတ်ဘဲ အဖော်နှင့် သွားလာရန် လိုအပ်ကြောင်းနှင့် လတ်တလော မြစ်ကြီးနားမြို့တွင် အမျိုးသမီးများ အဖိုးတန်ပစ္စည်းများလုယက်ခံရခြင်း၊ ဓားထောက်ဆိုင်ကယ် လုယက်ခံရခြင်းများ ပိုမိုဖြစ်ပွားလာကြောင်းလည်း ထပ်မံသိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page