မြစ်ကြီးနားမြို့တွင် ဇူလှိုင်လမှစ၍ ယာဉ်စည်းကမ်းချက်များနှင့်မကိုက်ညီသည့် ဆိုင်ကယ်များအားစတင်ဖမ်းဆီးမည်
- Pajau Media

- Jun 30, 2025
- 1 min read
ပါဂျေင်မီဒီယာ။
၃၀ရက်၊ဇွန်လ၊၂၀၂၅။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မော်တော်ဆိုင်ကယ် စီးနှင်းသူများလိုက်နာရန် စည်းကမ်းချက်များကို ယာဉ်ထိန်းရဲများမှ သတိပေးနိုးဆော်လက်ကမ်းစာစောင်များဝေခဲ့ပြီး၊ ဇူလှိုင်လမှစတင်ကာ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် မေလနောက်ဆုံးအပတ်မှ စတင်ကာ လိုင်စင်မဲ့ မော်တော်ယာဉ်များကို စတင်ဖမ်းဆီးနေပြီဖြစ်ပြီး၊ ဇွန်လိုင်လမှာတော့ သတ်မှတ်နံပတ်ပြားမတပ်ဆင်ထားသောဆိုင်ကယ်များနှင့် ယာဉ်မောင်းလိုင်စင်များကိုပါ စတင်စစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်အရ မော်တော်ဆိုင်ကယ်မောင်းနှင် စီးနှင်းသူများမှစည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ မောင်းနှင်စီးနှင်းနေသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆို ထားသည်။
သတိပေးနိုးဆော်ချက် စာစောင်ထဲတွင် “ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီး ဦးထုတ်ကို မေးသိုင်းကြိုးသေချာစွာ တပ်၍ မောင်းနှင်ပါ။ ဆိုင်ကယ်တစ်စီးတွင် လူ(၂)ဦးထက် ပိုမစီးရ။ ဆိုင်ကယ်(ဘက်ထရီအပါ) နံပါတ်ပြားအား သတ်မှတ်နံပါတ်ပြား တပ်ဆင်ရမည်။ နောက်ကြည့်မှန်ကို အမြဲတပ်ဆင်မောင်းနှင်ရမည်။ ရှေ့မီးအနိမ့်အား နေ့/ည အမြဲဖွင့်ရမည်။ ဆိုင်ကယ်မောင်းလိုင်စင်ပါရမည်။ ဝန်ပိုတင်ဆောင်မောင်းနှင်ခြင်း မပြုရ။” စသည့် စည်းကမ်းချက်များပါရှိသည်။
လက်ရှိ မြစ်ကြီးနားမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို နေ့ခင်းအချိန်နှင့် ည၈နာရီနောက်ပိုင်း အချိန်များတွင် ဖမ်းဆီးနေဆဲ ဖြစ်သည်။
သတင်း-ဖရိန်း










Comments