top of page

မြစ်ကြီးနားမြို့တွင် တစ်နာရီနှစ်သောင်းကျပ်၊ တိုကင်စနစ်ဖြင့် အင်တာနက်လိုင်းအသုံးပြုနိုင်

  • Writer: Pajau Media
    Pajau Media
  • Aug 12, 2024
  • 1 min read

ပါဂျောင်မီီဒယာ

၁၂၊ ၈၊ ၂၀၂၄။



အင်တာနက်လိုင်းပြတ်တောက်ထားသည့် မြစ်ကြီးနားမြို့တွင် တစ်နာရီ နှစ်သောင်းကျပ်နှုန်းဖြင့် အင်တာနက်လိုင်းအသုံးပြုနိုင်ပြီး၊ ငွေလွှဲငွေထုတ်မှုအတွက် တစ်သိန်းလျှင် ဝန်ဆောင်မှုနှုန်း သုံးထောင်ကျပ်ဖြင့် ဆယ်သိန်းကျပ်အထိ ကန့်သတ်ကာ ငွေထုတ်ယူနေရကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


တပ်ကုန်းရပ်ကွက်ရှိ နန်းထိုက်ကိုဖုန်းအရောင်း အဝယ်ဆိုင်တွင် အင်တာနက်လိုင်း တစ်နာရီလျှင် နှစ်သောင်းကျပ်ဖြင့် သုံးစွဲနိုင်ပေမယ့် ယင်းသုံးစွဲမှုအတွက် ကြိုတင်ဝယ်ယူသည့် တိုကင်စနစ်ဖြင့် ငွေကြိုသွင်းကာ လာရောက်သုံးစွဲရသည့်အပြင် အချိန်တစ်နာရီတွင် လူဦးရေရှစ်ယောက်ဖြင့် ကန့်သတ်ကာ သုံးစွဲရသည်။


“အဲ့ဒီဆိုင်မှာက အင်တာနက်လိုင်းရတယ်ဆိုလို့ သွားကြည့်တာ၊ ဒီနေ့အတွက် အချိန်က ကုန်ပြီလို့ပြောတယ်။ မနက်ဖြန်ညနေ၄နာရီအချိန်ထိ တိုကင်ကပြည့်နေပြီပြောတယ်။ အခုက ဒီတစ်ဆိုင်ပဲ ရှိနေသေးတော့ လူကကြိတ်ကြိတ်တိုး စောင့်နေတဲ့သူကစောင့်၊ တိုကင်ယူပြီး ပြန်သွားတဲ့သူကပြန်ပေါ့။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နောက်ပိုင်းမှစတင်ပြီး အချိန်ဝယ်ယူကန့်သတ်ကာ အင်တာနက်လိုင်းသုံးစွဲရသောကြောင့် ဒေသခံများမှာ အလုအယက်လာရောက်သုံးစွဲပြီး၊ လူဦးရေ ၄၀ ဝန်းကျင်အထိ နေ့စဉ်လာရောက်စောင့်ဆိုင်းသူများ ရှိနေကြောင်း သိရသည်။


ယင်းဆိုင်တွင် နံနက်ခုနှစ်နာရီခွဲအချိန်မှ ညနေငါးနာရီအထိသာ အချိန်အကန့်အသတ်ဖြင့် အင်တာနက်သုံးစွဲခွင့် ပြုထားသည့်အပြင် Kpay, Wavepayမှ ငွေထုတ်များကိုလည်း တစ်သိန်းလျှင် ဝန်ဆောင်မှု သုံးထောင်ကျပ်နှင့် ငွေလွှဲများမှာ တစ်သိန်းလျှင် သုံးရာကျပ် စသည်ဖြင့် ငွေသွင်းငွေထုတ် ရနေသည်။


နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြီးခဲ့သည့် ဇူလှိုင်၂၁ရက်နေ့ကတည်းက ကချင်တစ်ပြည်နယ်လုံး ဖုန်းအဆက်အသွယ်နှင့် အင်တာနက်လိုင်းပြတ်တောက်ခဲ့ပြီး၊ ဩဂုတ်လဆန်းပိုင်းမှ MPTနှင့်အက်တမ်ဖုန်းအော်ပရေတာများ အချိန်၊ နေရာအကန့်အသတ်ဖြင့် ရံဖန်ရံခါ ဖုန်းအဆက်အသွယ်ရရှိပေမယ့် အင်တာနက်လိုင်းများကို ရက်ပေါင်း ၂၀ ကျော်အထိ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page