top of page

မြစ်ကြီးနားမြို့တွင် နေ့ခင်းကြောင်တောင် သေနတ်ပစ်ဖောက်ပြီး ခြိမ်းခြောက်မှုဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Aug 12, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၂၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ဩဂုတ်လ ၁၁ရက် နေ့လည်၁၁နာရီခွဲ နေ့ခင်းကြောင်တောင်အချိန်တွင် အမည်မသိလက်နက်ကိုင်အုပ်စုမှ သေနတ်ပစ်ဖောက်ပြီး၊ ပြည်သူများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


အိမ်စီးကားနှစ်စီးမှ အရပ်ဝတ်နှင့် ကျည်ကာဝတ်ရုံ ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသူများမှာ ဘားဆိုင်ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် တပ်ကုန်း-ထွယ်ဆန်ရပ်ကွက်ရှိ အမည်မရှိသေးသည့်ဆိုင်မှ အလုပ်သမား ဆယ်ဦးထက်မနည်းကို လက်နှစ်ဖက်နောက်ပစ်ထားပြီး ဒူးထောက်ခိုင်းကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်သည့်အပြင် သေနတ်ဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။


“အိမ်ရှင်တွေလည်း ပါမယ်ထင်တယ်။ အဲဒီအိမ်က အလုပ်သမားတွေနဲ့ ၁၀ယောက်ထက်မနည်းကို ဒူးထောက်ခိုင်းထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာ။ အဲ့အချိန်က မိုးလည်းအရမ်းရွာတယ်။ အရပ်ဝတ်နဲ့ ကျည်ကာတွေဝတ်ထားပြီး သေနတ်ကိုင်ဆောင်ထားကြတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ဒေသခံများမှာ မည်သည့်အကြောင်းအရင်းကြောင့် သေနတ်ပစ်ခတ်ခြိမ်းခြောက်ခဲ့သည်ကို မသိရကြောင်းနှင့် အချို့ကို လက်နက်ကိုင်အဖွဲ့မှ ခေါ်ဆောင်သွားသည်ဟု ပြောဆိုနေကြပေမယ့် ပါဂျောင်မီဒီယာမှ သီးခြားအတည်မပြုနိုင်ခြင်း မရှိသေးပါ။


အလားတူ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် တပ်ကုန်းရွှေလမ်းမရှိ အိုင်းရစ်ဘားဆိုင်တွင်လည်း အရပ်ဝတ်နှင့် လက်နက်ကိုင်အချို့ ရောက်ရှိလာပြီး စစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိခဲ့ဖူးကြောင်း သိရသည်။


header.all-comments


Pajau Media

Thanks for subscribing!

bottom of page