top of page

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့ကောညပါရမ်းသမ်းပစ်ခတ်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊ဧပြီလ၊၂၀၂၅။



မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက် နက်ကြီးသံများ နေ့ကောညပါ ကြားနေရပြီး၊ မြစ်ကြီးနားနှင့်ဝိုင်းမော်ကိုဆက်သွယ်ထားသည့် ဗလမင်းထင်တံတားတွင်လည်း လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။


ဧပြီလ၂၅ရက်နေ့မှစပြီး မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးသံများ နေ့ညမပြတ် ကြားနေရပြီး၊ ယနေ့ ဧပြီလ၂၈ရက်နေ့အထိ လက်နက်ကြီး ပစ်ခတ်သံ အဆက်မပြတ်ကြားနေရဆဲ ဖြစ်သည်။


ပြီးခဲ့သည့် ၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ သီတာရပ်ကွက်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲကာ လူထိခိုက်သေဆုံးမှု ရှိခဲ့သည့်အပြင် စစ်တပ်က မြစ်ကြီးနားမြို့တွင်းရှိ အချို့စာသင်ကျောင်းများအတွင်း တပ်စွဲနေရာယူထားသည်ဟု ဒေသခံအချို့က ပြောဆိုနေကြသည်။


တစ်ဖက်မှာလည်း ဗလမင်းထင်တံတားတွင် ကား၊ဆိုင်ကယ်၊ဖုန်းများ တားဆီးစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာကာ၊ စစ်သားနှင့်ရဲ လုံခြုံရေးပိုင်းဆိုင်ရာ ပိုမိုချထားသည်ဟု ဆိုသည်။


“ဗလမင်းထင်တံတားမှာ အမြဲတမ်းစစ်ဆေးတာတော့ဟုတ်တယ်။ ဒါပေမယ့် အခုရက်ပိုင်းမှာ စစ်သားတွေနဲ့ ရဲတွေလည်း ပိုများလာတယ်။ ဖြတ်သွားဖြတ်လာတဲ့ ကားတွေကို တင်လာတဲ့ပစ္စည်းတွေကအစ သေသေချာချာကို စစ်ဆေးနေတာ။ တခါတလေ တံတားမှာ ကားဆိုင်ကယ်တွေ အရမ်းကြပ်လွန်းလို့ သွားလာလို့တောင်မရဘူး။” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။


ဗလမင်းထင်တံတားတွင် ကားများကိုသာ အဓိကထား စစ်ဆေးနေပေမယ့် ရံဖန်ရံခါ ဆိုင်ကယ်များကိုလည်း တားဆီးစစ်ဆေးတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ယခင်အပတ်က ဖုန်းယူစစ်ဆေးခံရသည့် လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။


အဆိုပါလူငယ်မှာ ဆဒုံးမြို့မှ ဆင်းလာချိန် ဗလမင်းထင်တံတားတွင် တားဆီးစစ်ဆေးခံရပြီး ဖုန်းထဲတွင် KIAစစ်ဝတ်စုံဝတ်ထားသည့် အဖွဲ့လိုက်ပုံတွင် ပါဝင်နေသောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ယင်းအချိန်မှစပြီး လူငယ်နှင့် အဆက်အသွယ်မရတော့ကြောင်း မျက်မြင်သက်သေတစ်ဦးထံမှ သိရသည်။


လက်ရှိမှာတော့ စစ်တပ်က ယာယီအပစ်ခတ်ရပ်စဲခြင်းကို ထုတ်ပြန်ကြေညာထားသော်လည်း ဧပြီ၂၀ရက်နောက်ပိုင်းကတည်းက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ဗန်းမော်ဒေသ၊ ဖားကန့်လမ်းမပေါ်မှ ကားမိုင်းဒေသတို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page