မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားနေ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ မတ်လ၊ ၂၀၂၆။

ကချင်ပြည်နယ်ရဲ့မြို့တောဖြစ်တဲ့မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှုဟာ ဆိုးဆိုးရွားရွားဖြစ်နေပြီး ၂ နာရီမှ ၃နာရီလောက်သာ လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေရဲ့ပြောပြချက်အရ သိရသည်။
လျှပ်စစ်မီးလာချိန်နည်းပါးပြီး ပြတ်တောက်ချိန်ကြာမြင့်တာဟာ ၂၀၂၆ နှစ်စ ပိုင်းလောက် ကတည်းကဖြစ်တယ်လို့ မြို့ခံတွေကပြောကြသည်။
“ဒီနှစ်က ပိုစိုးတယ်၊ နှစ်ရက်လောက်နေမှလာတယ် များသောအားဖြင့်က ၁ နာရီ ၂ နာရီ ပဲလာတဲ့ရက်ကပိုများတယ်။ လာတဲ့အချိန်ကလည်း အတိအကျမရှိပါဘူး။ ရေတင်ထားဖို့လာရုံလောက်ပဲ။ ပိုအရေးကြီးတာက ခုချိန်က ၁၂ တန်းတွေ စားမေးပွဲဖြေတဲ့ရက်လေ၊ ပုံမှန်မလာရင်တောင် ကျောင်းသားတွေစာကျက်ဖို့ တော့ ပေးသင့်တယ်။” ဟု မြို့ခံတစ်ဦးက ပြောပြသည်။
လျှပ်စစ်မီးလာချိန်သည် ၂ ရက်လောက်နေမှ ၂ နာရီ လောက်သာ လာသောကြောင့် မြို့ခံတွေရဲ့ နေ့စဥ်အိမ်လုပ်ငန်းတွေနဲ့ ဆိုင်ဖွင့်ထားသောသူတွေအတွက်လည်း လျှပ်စစ်မီးမလုံလောက်မှုကြောင့် ခက်ခဲနေတယ်လို့ ဆိုသည်။
အခြားရပ်ကွက်များတွင် လျှပ်စစ်မီးအနည်းငယ်သာ ရရှိပေမဲ့ အစိုးရအရာရှိများ နေထိုင်သည့် ရပ်ကွက်နေရာတွင်မှု မီးပုံမှန်ရရှိနေသောကြောင့် လျှပ်စစ်မီး ပေးမှုကလည်း မမျှတဘူးလို့ မြို့ခံတွေကဆိုကြသည်။
မြစ်ကြီးနားမြို့သည် ရေအားလျှပ်စစ်ကို အဓိကထားအသုံးပြုနေခြင်းဖြစ်ပြီး နှစ်စဥ် နွေရာသီတွင် မြစ်ရေ ခမ်းကာ ရေအလုံအလောက် မရရှိမှုကြောင့် လျှပ်စစ်အလုံအလောက်မထုတ်လုပ်နိုင်ဘဲ ဓာတ်အားလျှော့နည်းတက်သည်။
သို့သော် ယခုနှစ်တွေမှု လျှပ်စစ်မီးရရှိမှုနှုန်းသည် ပုံမှန်နှစ်တွေထက် အများကြီးလျှော့နည်းလာသောကြောင့် စစ်ကော်မရှင်ဘက်က မြစ်ဆုံရေကာတာ လုပ်နိုင်ရန် ဖိအားပေးခြင်းဖြင့် လျှပ်စစ်မီး ဖြတ်တောက်ပေးတာဖြစ်နိုင်သည် ဟု မြို့ခံတွေဆိုကြသည်။
သတင်း - ဇော်




Comments