top of page

မြစ်ကြီးနားမြို့တွင် လမ်းသွားလမ်းလာ ပြည်သူများထံမှ ငွေသားများ လုယက်ခံရမှု မကြာ ခဏ ဖြစ်ပေါ်လာ

  • Writer: Pajau Media
    Pajau Media
  • Feb 9, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၉ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း ဖေဖော် ဝါရီ လဆန်းပိုင်းမှစ၍ ဓားထောက် ဓါးမြတိုက်မှု မကြာခဏ ဖြစ်ပွားနေတယ်လို့ မြစ်ကြီးနား မြို့ခံများထံမှ သိရသည်။


စီတာပူရပ်ကွက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်နေ့နှင့် ၆ရက်နေ့တွင်မှာ ကားတစ်စီး၊ ငွေသားသိန်း ၈၀ကျော်နှင့် ကျန်တစ်ဦးမှာ ငွေသား သိန်း၄၀ ကျော် ဓားထောက်ဓားမြတိုက်ပြီး အဓမ္မသိမ်းယူခံခဲ့ရကြောင်း သိရသည်။


ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ဓားထောက် လုယက်ခံရသည့် အမျိုးသားတစ်ဦး ပြောပြချက်အရ

“ဖြစ်တာက ဖေဖော်ဝါရီလ 4ရက်နေ့ ညဆယ်နာရီခွဲဝန်းကျင်လောက်ဖြစ်မယ် စစ်သားသုံးယောက်က ကျ‌နော့်ကားကို လှမ်းတားတာ၊ ကားထဲမှာ ‌ဘာတွေပါလဲလို့မေးပြီး ကျနော့ကို ကားပေါ်ကဆင်းခိုင်းတယ်၊ ကျနော့ကားထဲက ပိုက်ဆံတွေကိုမြင်တော့ ဒါဘယ်ကရတဲ့ ပိုက်ဆံတွေလဲလို့မေးတယ်၊ PDF ကိုထောက်ပံ့မဲ့‌ ပိုက်ဆံတွေမို့လားဆိုပြီးပြောလာတယ်၊ ကျနော်က အရောင်းဝန်ထမ်း ဖြစ်ကြောင်း ပြောပြတယ်၊ ပစ္စည်းဖိုးငွေကောက်ထားတာတွေ ရုံးကိုမအပ်ရသေးတာလို့ ရှင်းပြတာလဲ လက်မခံဘူး ၊PDF ကို ထောက်ပံ့မဲ့ ပိုက်ဆံမို့လားဆိုပြီး ပိုက်ဆံတွေအကုန်သိမ်းယူသွားတယ်။” လို့ ပြောသည်။


ယင်းအမျိုးသားမှာ စီတာပူရပ်ကွက်၊ ဂျပန်တံတားလမ်းနေရာမှာ ဖေဖော်ဝါရီလ 4ရက်နေ့ ည၁၀နာရီဝန်းကျင်‌ခန့်တွင် ကားမောင်းလာစဉ် စစ်ကောင်စီတပ်သားသုံးဦးမှ တားဆီးစစ်ဆေးပြီး ကားအတွင်း ယူဆောင်လာသော ငွေသား သိန်း၄၀ကျော်အား အဓမ္မသိမ်းယူသွားခြင်း ဖြစ်သည်ဟု ပြောသည်။


ငွေအဓမ္မသိမ်းယူသွားသည့် စစ်သားများသည် စစ်ယူနီဖောင်း အပြည့်အစုံဝတ်ထားပြီး လက်နက်များ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။


တပ်သားများမှာ PDF တွေကို ထောက်ပံ့မည့် ငွေတွေဖြစ်တယ်လို့ စွတ်ဆွဲပြောဆိုပြီး သိမ်းယူသွားကြောင်းနှင့် ဂျပန်လမ်းတွင် စစ်ကောင်စီတပ်သားများ မကြာခဏ စစ်ဆေးလေ့ရှိကာ တပ်သားအင်အား ၈ဦးခန့်ရှိကြောင်း ဆိုသည်။


ထို့အပြင် ပြီးခဲ့သည့် ၆ရက်နေ့ ညနေ၄နာရီဝန်းကျင်ခန့်အချိန်၌လည်း စီတာပူရပ်ကွက် အထက(၅) လမ်းအကြားနေရာမှာ အမျိုးသားတစ်ဦး ကားတစ်စီးနှင့် ငွေသား သိန်း၈၀ကျော် ထပ်မံ လုယူခံခဲ့ရကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page