မြစ်ကြီးနားမြို့၌ နိုင်ငံကူးလက်မှတ် ကြိုတင်တိုကင် ရက်ချိန်းယူစနစ် မတ်လနှစ်ဆန်း အထိ ဆိုင်းငံ့ထား
- Pajau Media

- Dec 15, 2023
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ ပတ်စပို့စ် အသစ်လျှောက်ထားလိုသူများနှင့် စာအုပ်သက်တမ်းတိုးလိုသူများအား လာမည့် ၂၀၂၄ခုနှစ် မတ်လအထိ ပြုလုပ်ပေးခြင်း မပြုဘဲ ရပ်ဆိုင်းထားကြောင်း မြစ်ကြီးနားဒေသခံများထံမှ သိရသည်။
ယခုလ ဒီဇင်ဘာလဆန်းမှ နောက်နှစ် မတ်လဆန်းအထိ ကြိုတင်တိုကင်ရက်ချိန်းယူထားသူများမှလွှဲ၍ ပတ်စပို့စ် အသစ်လျှောက်ထားလိုသူများနှင့် စာအုပ်သက်တမ်းတိုးလိုသူများအား ပြုလုပ်ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံး ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း ဆိုင်းငံ့လိုက်သည့် အကြောင်းအရင်းကိုမူ တိတိကျကျ မသိရဘဲ ရုံးဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ရာထူးအပြောင်းအလဲ သို့မဟုတ် လူအပြောင်းအလဲကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုကာ၊ ကြိုတင်တိုကင်ယူထားသူ စာရင်းပြည့်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု ပြောသည်။

ယခုနှစ်အတွင်း ပတ်စပို့စ် ပြုလုပ်သူများနှင့် စာအုပ်သက်တမ်းတိုး ဦးရေ သိသိသာသာများပြားလာပြီး ဧပြီလခန့်မှ တိုကင်စနစ်ဖြင့် ရက်ချိန်းယူကာ ပြု လုပ်ကြသည်ဖြစ်ရာ တိုကင်ရက်ချိန်းယူးထားပြီးသူ များ စာရင်းသည် ၂၀၂၄ မတ်လဆန်း ၆ရက်နေ့အထိ ရှိနေကြောင်း ဆိုသည်။
၂၀၂၁ နောက်ပိုင်းမှ စ၍ ပြည်သူများ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ ပိုမိုများပြားလာပြီး ကြိုတင်တိုကင် ရက်ချိန်းပြုလုပ်သောစနစ်ဖြင့် တိုးယူတန်းစီကာ ပြုလုပ်ကြရသည် ဖြစ်ရာ ဒီဇင်ဘာ လဆန်းမှ စတင်၍ တိုကင်ရက်ချိန်းပေးခြင်းကို ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည့်အပြင် ကြိုတင်ရက်ချိန်း ယူထားခြင်း မရှိသူများနှင့် အရေးပေါ်ပြုလုပ်လိုသူများသည် ၄သိန်းကျပ်အထိ အကုန်အကျခံကာ ပွဲစားမလိုဘဲ လုပ်နိုင်ကြောင်း ဆိုသည်။
၂၀၂၁ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာချိန်မှ စ၍ နိုင်ငံကူးလက်မှတ်ရုံး၌ ပတ်စပို့စ် ပြုလုပ်လိုသူများ များပြားလာကာ၊ တိုကင်ရက်ချိန်းစနစ်ဖြင့် ၅လလောက်အထိ စောင့်ဆိုင်းပြုလုပ်ကြရပြီး၊ ယခင် ၅သောင်းမှ တစ်သိန်းကြားပေးချေရသော ဈေးနှုန်းအား ယခုအချိန် ၄သိန်းကျပ်အထိ ပေးချေပြုလုပ်ကြရကြောင်း ကိုယ်တိုင်တန်းစီ ပြုလုပ်ကြသော ပြည်သူများ ပြောကြားချက်အရ သိရသည်။




Comments