မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း ၄နာရီခြား တစ်ကြိမ် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည်
- Pajau Media

- Dec 21, 2023
- 1 min read
ပါဂျောင်မီဒီယာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်းသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသော ဘူးဂါးလျှပ်စစ် ကုမ္ပဏီသည် ယမန်နေ့ ဒီဇင်ဘာ ၂၀ရက်နေ့မှစ၍ ၂၀၂၄ခုနှစ် နှစ်ဆန်း ဇန်န၀ါရီလ ၂၀ရက်နေ့အထိ အချိန်ပိုင်း အကန့်အသတ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့က ပြည်သူများထံသို့ အသိပေးအကြောင်းကြားစာ တင်ပြခဲ့ပါသည်။
ယင်းအသိပေးစာထဲတွင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အုပ်စု(A)၊ အုပ်စု (B)ဟူ၍ ဖွဲ့စည်းကာ အချိန်ပိုင်းအဖြစ် ၄နာရီခြားတစ်ကြိမ် အလှည့်အပြောင်းစနစ်ဖြင့် ဓါတ်အားလိုင်းများ ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ပါရှိထားပါသည်။
အသိပေး အကြောင်းကြားစာနှင့် စပ်လျဉ်း၍ ဘူးဂါးလျှပ်စစ်ဝန်ထမ်း တစ်ဦးနှင့် တွေ့ဆုံမေးမြန်းရာ ၄င်းက ယခုလို ပြောပြသည်။
“စစ်ပွဲကြောင့် ဓါတ်အားပေး စက်ရုံတစ်ချို့ ပျက်စီးသွားတယ်။ ဒါ့ကြောင့် ဓါတ်အားလုံလောက်အောင် ထုတ်မပေးနိုင်တော့ဘူး ဓါတ်အားမလောက်တော့ အချိန်ပိုင်းနဲ့ဘဲ ပေးနိုင်တော့တယ်” ဟု ပြောသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း ပါဂျောင်ဓါတ်အားပေး စက်ရုံနှင့် မဟာဓါတ်အားလိုင်းများသည် လေ ကြောင်း ဗုံးကြဲခံရမှုကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ရခြင်းကြောင့်၊ မြို့ကြီးအတွင်းသို့ လျှပ်စစ်ဓါတ်အားလိုင်းဖြန့်ဖြူးပေးရေး နှောင့်နှေးမှုရှိခဲ့သည်ဟု အထက်ပါ ပြောပြချက်အရ သိရသည်။
ဘူးဂါးကုမ္ပဏီတွင် ပင်မဓါတ်အားပေးစက်ရုံအားဖြင့် မလိဓါတ်အားပေးစက်ရုံ၊ ပါဂျောင်ဓါတ်အားပေးစက်ရုံ နှင့် အရံစက်ရုံငယ်အဖြစ် ချီဖွေဓါတ်အားပေးစက်ရုံ ဟူ၍ ရှိသည့်အနက် မလိ၊ပါဂျောင်ဓါတ်အားပေး စက်ရုံနှင့်အတူ မဟာဓါတ်အားလိုင်းများသည် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော အာဏာရစစ်တပ်နှင့် ကေအိုင်အေ၊ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများအတွင်း လေကြောင်းဗုံးကျဲခံရမှုကြောင့် အနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း ဘူးဂါးလျှပ်စစ်ဝန်ထမ်းတစ်ဦး ပြောပြချက်အရ သိရသည်။
ပျက်စီးမှု ပမာဏမှာ မလိဓါတ်အားပေးစက်ရုံသည် လုံးဝပျက်စီးသွားပြီး ပါဂျောင်ဓါတ်အားပေး စက်ရုံမှာ အနည်းငယ်သာ ပျက်စီးသွားသော်လည်း ၄င်းစက်ရုံတို့မှ သွယ်တန်းထားသော မဟာဓါတ်အားလိုင်းမှာ ကန်တော်ယန်အနီးတွင် တာဝါတိုင်ကျိုးကျပြတ်တောက်သွားသဖြင့် လျှပ်စစ်ဓါတ်အား မရနိုင်တော့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုလက်ရှိအချိန်တွင် အရံဓါတ်အားလိုင်းငယ် ချီဖွေဓါတ်အားပေးစက်ရုံ တစ်ခုမှသာ ရရှိသဖြင့် မြို့ကြီးအတွင်းသို့ တစ်ပြိုင်နက်တည်း လျှပ်စစ်ဓါတ်အား လုံလောက်အောင် မပေးနိုင်ခြင်းကြောင့် အချိန်ပိုင်း အကန့်အသတ်ဖြင့်သာ အလှည့်ကျပေးနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ပျက်စီးသွားသော ဓါတ်အားပေးစက်ရုံနှင့် ကျိုးကျသွားသော ဓါတ်အားလိုင်းများကို ပြန်လည်တည်ဆောက်ရန်မှာ စစ်ပွဲကာလအတွင်း သွားရောက်လုပ်ကိုင်ပြင်ဆင်ရန်ပင် အခက်အခဲရှိနေပြီး၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်း လျှပ်စစ်ဓါတ်အား ပုံမှန်မရရှိသည်မှာ အချိန်တစ်ခုအထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
သတင်း - လေပြည်










Comments