top of page

မြစ်ကြီးနားမြို့ပေါ်တွင် ၃ရက်ဆက်တိုက် လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရ

  • Writer: Pajau Media
    Pajau Media
  • May 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မေလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ပြီးခဲ့သည့် မေလ ၁၈ရက်နေ့မှစ၍ ၃ရက်ဆက်တိုက် လက်နက်ကြီးသံများ နေ့ညမပြတ် ဆက်တိုက်ကြားနေရသည်ဟု မြစ်ကြီးနား ဒေသခံများက ဆိုသည်။


ဝိုင်းမော်မြို့ အောင်မြေ(၁)၊ (၂)၊ ရွှေညောင်ပင် ခလရ (၃၂၁)တပ်နှင့် ကဇူးတပ်စခန်း အပါအဝင် ဗန်းးမော်သွားလမ်းရှိ စစ်ကောင်စီတပ်စခန်း ၁၀ခုထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မေလ ၁၈ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ လက်နက်ကြီးသံများ နေ့ညမပြတ် ကြားနေရသည်ဟု ဆိုသည်။


ဗန်းမော်သွားကားလမ်းရှိ တပ်စခန်း၁၀ခုထက်မနည်းကို KIAပူပေါင်းတပ်ဖွဲ့မှ တပြိုင်နက် ထိုးစစ်ဆင် တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်မှုများကြောင့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် လက်နက်ကြီးသံများ အဆက်မပြတ် ကြားနေရခြင်း ဖြစ်သည်။


လက်နက်ကြီးသံများမှာ ဝိုင်းမော်မြို့ ခလရ (၅၈)တပ်ရင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် မော်ဖောင်းအနောက်ဘက် အမြောက်တပ်များမှ ပစ်ခတ်နေကြခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ထို့အပြင် မြစ်ကြီးနားမြို့ပေါ်တွင် စစ်ကောင်စီမှ မေလ ၁၉ရက်နေ့ ည၉နာရီနောက်ပိုင်း ပြည်သူများ ညမထွက်ရ အမိန့်နှင့် ည၁၀နာရီနောက်ပိုင်းတွင် ပစ်မိန့် မာရှယ်လောထုတ်ပြန်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း စစ်တပ်ဘက်မှ ထုတ်ပြန်ထားခြင်း မတွေ့ရသောကြောင့် ပါဂျောင်မီဒီယာမှ အတည်မပြုနိုင်သေးပါ။


အလားတူ ယခုရက်ပိုင်း စစ်ကောင်စီမှ လုံခြုံရေးအရဟုဆိုကာ မြစ်ကြီးနားမြို့ အဝင်အထွက်ဖြစ်သော ရေကြောင်း၊ ကုန်းကြောင်းများအားလုံးကို ပိတ်ပင်တော့မည်ဖြစ်ကြောင်း ကောလဟာလသတင်းများထွက်ပေါ်လာနေသည်ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက ပြောသည်။


ထို့အပြင် ပြီးခဲ့သည့် မေလ၁၈ရက်နေ့တွင်လည်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများကြောင့် မြစ်ကြီးနား ပမ္မတီးရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအချို့ သေဆုံးခဲ့ရပြီး ဒေသခံများ နေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ရသည့်အပြင် ဝိုင်းမော်-ရွှေညောင်ပင်ကျေးရွာမှ နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးခဲ့ရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page