မြစ်ကြီးနားမြို့ပေါ်ရှိ စားသောက်ဆိုင်အချို့တွင် စစ်ကောင်စီမှပေါ်တာဆွဲခြင်းများ ပြုလုပ်လျက်ရှိ
- Pajau Media

- Apr 19, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၉ရက်၊ဧပြီလ၊၂၀၂၅။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင် အချို့နေရာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ လိုက်လံပေါ်တာဆွဲနေကြောင်း မြစ်ကြီးနားဒေသခံများ ပြောပြချက်အရ သိရသည်။
“နာမည်ကြီးတဲ့ စားသောက်ဆိုင်တွေမှာတော့ လိုက်ဖမ်းတယ်ဆိုတာမကြာဖူးဘူး။ ခုလို စားသောက်ဆိုင် အသေးမျိုးတွေမှာ ဝင်ဖမ်းတယ်ဆိုတာကိုတော့ မကြာခဏကြားနေရတယ်“ ဟု မြစ်ကြီးနားလူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များက မြစ်ကြီးနားမြို့ရှိ စားသောက်ဆိုင်ကြီးများတွင် ဝင်ရောက်ဖမ်းဆီးခြင်းမဟုတ်ဘဲ စားသောက်ဆိုင်အသေးများတွင်သာ မကြာခဏဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများတွင် အများအားဖြင့် လူငယ်ယောက်ျားလေးများသာဖြစ်ကြပြီး၊ တစ်ခါတစ်ရံ မိန်းကလေးများကိုပါ ဖမ်းဆီးသွားတတ်ကြောင်းနှင့် အဖမ်းခံရသောသူများကို မည်သည့်နေရာတွင် ပို့ဆောင်ထားတာကိုတော့ မသိရှိရကြောင်းလည်း ထပ်မံသိရသည်။
“အများအားဖြင့်တော့ ဒီလူငယ်အရွယ် ယောက်ျားလေးတွေများတယ်။ တစ်ခါတစ်လေဆို မိန်းကလေးတွေကိုပါ ဖမ်းသွားကြတယ်။ သူတို့ကိုဖမ်းပြီး ဘယ်ခေါ်သွားတာလည်းတော့ သေချာမသိဘူး” ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့များသည် ကချင်ပြည်နယ်ရှိ နေရာအများအပြားတွင် စစ်ကြောင်းထိုးကာ လေယာဥ်၊ ဒရုန်းနှင့်လက်နက်ကြီးများဖြင့် နေ့စဥ်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်သည်။
သတင်း-ဖရိန်း




Comments