top of page

မြစ်ကြီးနားမြို့ပေါ်ရှိ ဟိုတယ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၃ရက်၊ဇန်နဝါရီ၊၂၀၂၅ခုနှစ်



ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တော်ရှိ ဟိုတယ်နှင့်တည်းခိုခန်းအချို့အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။


" ၁ရက်နေ့ည ၁၀နာရီခွဲလောက်မှာ အခန်းတံခါးလာခေါက်တော့ဖွင့်ပေးလိုက်တာ...အဲ့မှာ သေနတ်ကိုင်ထားတဲ့ ရဲနဲ့စစ်သားတွေဝင်လာပြီး ဖုန်းတွေယူစစ်တယ်...ပြီးတော့ မွေ့ယာအောက်တွေဘာတွေလဲရှာတယ်...ဘာသတင်းရလို့လဲတော့မသိဘူး...

တခြားသီးသန့်မေးတာ မြန်းတာမျိုးတော့မရှိဘူး" ဟု ယုဇနရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင်တည်းခိုသူ အမျိုးသားတစ်ဦးက ၎င်း၏အတွေ့အကြုံအားပြောပြသည်။


အလားတူ မြို့မရပ်ကွက်ရှိ ဟိုတယ်ဝန်ထမ်းတစ်ဦးမှလည်း...

" ကား ၃-၄ စီးလောက်ရှိမယ် တစ်ခါထဲဝင်လာပြီး ဟိုတယ်ကောင်တာက ဝန်ထမ်းတွေရဲ့ဖုန်းတွေကို တစ်ခါထဲသိမ်းပြီးစစ်တယ်...ဧည့်သည်အခန်းတွေကောဝင်စစ်တယ်...နောက်ဆုံး ဝန်ထမ်းတွေအိပ်တဲ့အဆောင်အထိပါဝင်စစ်တာ.. ဒီလိုစစ်တာမျိုးအရင်ကမကြုံဖူးဘူး" ဟု ပြောပြသည်။



မြို့နယ်စည်ပင်သာယာရုံးအနီးတွင်နေထိုင်သူ မြို့ခံတစ်ဦးက "ကျွန်တော်ကအပေါ်ထပ်မှာဖုန်းပြောနေတာ အဲ့ဒီအချိန် အိမ်ရှေ့က ဟိုတယ်ရှေ့မှာ ရဲတွေ စစ်သားတွေ ရုတ်ရုတ်သဲသဲဆိုတော့ ပေါ်တာဆွဲတာလား ဘာလားပေါ့...အချိန်က ၁၁ လောက်ပဲရှိအုံးမယ်... နောက်မှ ဟိုတယ်ကိုဝင်စစ်မှန်းသိရတာ... တော်တော်ကိုလန့်သွားတယ်" ဟု ၎င်းမြင်တွေ့ခဲ့ရပုံအား ပြန်လည်ပြောပြသည်။


ပြီးခဲ့သည့် လပိုင်းများအတွင်း၌လည်း မြစ်ကြီးနားမြို့ရှိ ဟိုတယ်နှင့်တည်းခိုခန်းများအား စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းရှိသော်လည်း ယခုကဲ့သို့စစ်ဆေးခြင်းမျိုးမဟုတ်ပဲ ဟန်ပြစစ်ဆေးခြင်းသာဖြစ်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းယူခြင်းများသာလုပ်ဆောင်ခဲ့ကြောင်းသိရသည်။


သတင်း-ဒေဝ


Comments


Pajau Media

Thanks for subscribing!

bottom of page