မြစ်ကြီးနားမြို့၊ဗလမင်းထင်တံတားအကျော် မြစ်ဆိပ်ကမ်းနံဘေးတွင် ဓားထိုးလုယက်မှုဖြစ်ပွား
- Pajau Media

- Jul 21, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၁ရက်၊ဇူလိုင်လ၊၂၀၂၅ခုနှစ်။
မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်တံတားအကျော် မြစ်ဆိပ်နံဘေးတွင် ယမန်နေ့ ဇူလိုင်၂၀ ရက်နေ့က ဓားထိုးဖုန်းလုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ တနင်္ဂနွေနေ့ နေ့လယ် ၃နာရီဝန်းကျင်တွင် နစ်နာသူအမျိုးသားမှာ သူငယ်ချင်းနှင့်စကားပြောရင်း ထိုင်နေစဉ် နောက်ဘက်မှ လူသုံးဦး ရောက်လာပြီး ဓားထောက်ကာ ဖုန်းနှင့်ဆိုင်ကယ် တောင်းရာမှ ဓားထိုးခံရခြင်းဖြစ်ကြောင်း ဖုန်းလုခံရသူက ပြောသည်။
"သူငယ်ချင်းနဲ့ စကားပြောရင်း ကျနော်က ဆိုင်ကယ်ပေါ်မှာ ထိုင်နေတာ အဲတာကို နောက်ကနေ ဓားထောက်ပြီး မလုပ်နဲ့ လုပ်ရင် ထိုးမှာနော်တဲ့။ ငါတို့နှစ်ယောက်စလုံးကို ထောက်ထားတာ အဲ့တာကိုငါက လက်နဲ့ကာလိုက်တော့ ဆိုင်ကယ်ပေါ်ကနေ လဲကျသွားတယ် နောက်တစ်ယောက်ကလာပြီး ငါ့ကို ပြန်ချုပ်ထားလိုက်တယ်၊ ငါလုပ်လို့ထင်တယ် ငါ့သူငယ်ချင်း ထိုးခံလိုက်ရတာ။" ဟု ပြောပြသည်။
သူငယ်ချင်းဖြစ်သူမှာ ဓားဖြင့် လက်မောင်းတွင် တစ်ချက်၊ ကျောဘက်တွင် တစ်ချက်နှင့် နှစ်ချက် အထိုးခံလိုက်ရကြောင်း သိရသည်။
"နှစ်ချက် အထိုးခံလိုက်ရတာ အရမ်းဆိုးတဲ့အထိတော့ မဖြစ်ဘူး ချုပ်တာက (၇) ချက်လောက်တော့ ချုပ်လိုက်ရတယ်။ ဖုန်းတော့ပါသွားတယ်။ ဆိုင်ကယ်သော့ကို ချုံထဲကို ပစ်ထည့်လိုက်လို့ ဆိုင်ကယ်တော့ မပါသွားဘူး။" ဟု ဆက်ပြောသည်။
ယခုအချိန်ကာလတွင် နိုင်ငံရေးမကောင်းသည့်အပြင် ငွေရှာရခက်ခဲသော ကာလဖြစ်သဖြင့် ခိုးဆိုးလုယက်မှု ပေါများလာပြီး လမ်းသွားလမ်းလာချိန်ပင် မပေါ့ဆသင့်ကြောင်း မြို့ခံများကပြောသည်။
မြစ်ကြီးနားမြို့သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခိုးဆိုးလုယက်မှုများ ပိုမိုဆိုးရွားလာသော်လည်း အာဏာပိုင်များအနေဖြင့် ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသောကြောင့် ပို၍ပို၍ပြင်ဆိုးရွာလာနေ ကြောင်းသိရသည်။
သတင်း- ဇော်










Comments