top of page

မြစ်ကြီးနားမြို့မှ ဟိုတယ်၊စားသောက်ဆိုင်အချို့နှင့် အင်တာနက်ဆိုင်များတွင် အင်တာနက်လိုင်း အသုံးပြုနိုင်

  • Writer: Pajau Media
    Pajau Media
  • Sep 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃၊ ၉၊၂၀၂၄။




ကချင်ပြည်နယ်အတွင်း ဖုန်းအဆက်အသွယ်နှင့် အင်တာနက်လိုင်းအားလုံး ပြတ်တောက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့တွင် စက်တင်ဘာလဆန်းပိုင်းမှစ၍ ဟိုတယ်၊စားသောက်ဆိုင်နှင့် အင်တာနက်ဆိုင်အချို့တွင် အင်တာနက်လိုင်းများ အသုံးပြုနိုင်နေပြီဖြစ်ကြောင်း ဒေသခံများမှ ပြောကြားလာသည်။


စက်တင်ဘာလဆန်းပိုင်းကတည်းက စားသောက်ဆိုင်နှင့် ဟိုတယ်အချို့တွင် လာရောက်စားသုံးသူများနှင့် တည်းခိုသည့် ဧည့်သည်များ အင်တာနက်အခမဲ့သုံးနိုင်နေကြောင်း စာကပ်ထားသလို အင်တာနက်ဆိုင်များတွင် တစ်နာရီနှစ်သောင်းမှ နှစ်သောင်းခွဲကျပ်အထိ ပေးဆောင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ပြောသည်။


ယခင်လများတွင် နေရာအနည်းစုတွင်သာ အင်တာနက်အသုံးပြုနိုင်သကဲ့သို့ တစ်နာရီနှစ်သောင်းကျပ်ဖြင့် ကြိုတင်အချိန်ဝယ်ယူသည့် တိုကင်စနစ်ဖြင့်သာ အသုံးပြုခဲ့ကြပြီး၊ ဟိုတယ်များတွင်လည်း လာရောက်တည်းခိုသည့် ဧည်သည်များကို အင်တာနက်အသုံးပြုရန်အတွက် သီးသန့်ငွေပေးဆောင်ရသည်ဟု ဆိုသည်။


 သို့သော် မြစ်ကြီးနားမြို့အတွင်း အင်တာနက်ပြန်လည်အသုံးပြုနိုင်လာကြပေမယ့် ဝင်ငွေရှိသည့် အလယ်တန်းနှင့်အထက်တန်းလူတန်းစားများသာ ဝယ်ယူအသုံးပြုနိုင်ကြပြီး၊ တစ်နေ့လုပ်တစ်နေ့စား အောက်ခြေနေ့စားသမားများအတွက် အင်တာနက်ဝယ်ယူ သုံးစွဲရန် ခက်ခဲနေဆဲ ဖြစ်သည်ဟု ထပ်မံပြောသည်။ လက်ရှိမှာတော့ မြစ်ကြီးနားမြို့တွင်း အင်တာနက်အသုံးပြုနိုင်ပေမယ့် အင်တာနက်လိုင်းမှာ အဆင်ပြေချောမွေ့စွာ အသုံးမပြုနိုင်ပဲ ခက်ခက်ခဲခဲ သုံးစွဲနေရကြောင်း သိရသည်။


ဒေသခံများမှာ အဆက်အသွယ်ပြုလုပ်ရန် ခက်ခက်ခဲခဲ ဆက်သွယ်ကြရပြီး၊ အွန်လိုင်းဖြင့် အလုပ်လုပ်ကိုင်သည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်တွေအတွက် အခက်အခဲများ များစွာကြုံတွေ့နေရဆဲသည်။ ဖုန်းအဆက်အသွယ်အတွက် MPTနှင့် Atom ဖုန်းအော်ပရေတာနှစ်ခုသာ အသုံးပြုနိုင်သော်လည်း နေရာဒေသအလိုက် အချိန်နေရာ ကန့်သတ်ပြီးသာ ရရှိနေသေးသည်။


အလားတူ ပူတာအိုဒေသနှင့် နန့်မွန်းဒေသတွင် Oredoo, Atomနှင့် MPT ဖုန်းအဆက်အသွယ်အတွက် ကောင်းစွာအသုံးပြုနိုင်သလို ညသန်းခေါင် ရံဖန်ရံခါအချိန်များတွင် Atomဆင်းကဒ်ကို 2Gအဖြစ်ပြောင်းလဲ၍ အသုံးပြုနိုင်နေပြီဟု ဒေသခံများမှ ပြောကြားလာသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page