top of page

မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးပတ်စ်ပို့ရုံးတွင် လာမည့် မတ်လ ၄ ရက်နေ့မှစ၍ ပတ်စ်ပို့လုပ်ရန် လူသစ်များကိုပြန်လည် လက်ခံသွားမည်

  • Writer: Pajau Media
    Pajau Media
  • Feb 27, 2024
  • 1 min read

Updated: Mar 12, 2024

ပါဂျောင်မီဒီယာ

၂၇ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၄



မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးပတ်စ်ပို့ရုံးမှာ လွန်ခဲ့သော ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ကိုပြဌာန်း‌ေကြြငာခဲ့ပြီးနောက်တွင် ယခင်ကထက် နိုင်ငံရပ်ခြားသို့ အလုပ်လုပ်၊ ကျောင်းတက်၊ အလည်အပတ်သွားရန် နိုင်ငံကူးလက်မှတ် ပြုလုပ်သူများဖြင့် နေ့စဉ် တိုးဝှေ့ပြည့်နှက်လျက်ရှိရာ လွန်ခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ပတ်စ်ပို့ လုပ်သူ လူသစ်များကို လက်ခံမှုရပ်ဆိုင်းသွားခြင်းများရှိခဲ့သည်။


“အေးဂျင့်နဲ့လုပ်တဲ့သူတွေလည်း လာမယ့် မတ်လ ၄ရက်နေ့မှ form ပြန်ထုတ်ပေးမှာလို့ပြောတယ်။ ကြားတာတော့ နေပြည်တော်က အရာရှိ ပြောင်းလာမယ်ဆိုလို့ အခုဝန်ထမ်းအဟောင်းတွေက form ထုတ်ပေးပြီးသား လူဟောင်းတွေကို အပြီးသတ်လုပ်ပေးရမှာမို့လို့ အသစ်ပြန်လက်မခံဘူးလို့ပြောတာပဲ။” ဟု အေးဂျင့်ဖြင့် ပတ်စ်ပို့ပြုလုပ်နေသူတစ်ဉီးမှပြောသည်။


ပတ်စ်ပို့အမြန်လုပ်ချင်သူများအတွက်လည်း နေ ပြည်တော်၊ မြစ်ကြီးနား ပတ်စ်ပို့ရုံးတာဝန်ခံ အပြောင်းအလဲကြောင့် ယခုအချိန်တွင် ကြိုတင် Booking ယူထားရန်သာဖြစ်နိုင်ပြီး form များကိုမူ လာမည့် မတ်လ ၄ ရက်နေ့ မှ စ၍ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ပတ်စ်ပို့ လုပ်ပေးသူ အေးဂျင့်တစ်ဉီးမှပြောသည်။


ယခင်က ပတ်စ်ပို့လုပ်ရာတွင် ကိုယ်တိုင်ပတ်စ်ပို့လုပ်သူများအနေဖြင့် ကျပ်ငွေ ၆၀,၀၀၀ နှင့် အေးဂျင့်နှင့် လုပ်သူများအနေဖြင့် ကျပ်ငွေ ၃၀၀,၀၀၀ သာကျသင့်သော်လည်း၊ ယခုအချိန်တွင်မူ ကိုယ်တိုင်ပတ်စ်ပို့လုပ်သူများ မရှိသလောက်နည်းပါးကာ အေးဂျင့်မှတစ်ဆင့်ဖြင့် တစ်ပတ်အမြန်ရလိုလျှင် ၅၀၀,၀၀၀ ကျပ် နှင့် နှစ်ပတ်အမြန်ရလိုလျှင် ၄၀၀,၀၀၀ ကျပ်ဖြင့် အလုအယက်အကုန်အကျခံ လုပ်နေကြရသည်။



မြန်မာနိုင်ငံတွင် အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအကောင်အထည်ဖော်ရန်ကြေငြာပြီးနောက် ပြည်ပထွက်ရန်ကြိုးပမ်းသူလူငယ်များ ပတ်စ်ပို့ရရန်အလုအယက်ကြိုးပမ်းလာကြရာ လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၂ နာရီခွဲအချိန်တွင်လည်း မန္တလေး၊ အောင်မြေသာစံမြို့နယ် ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့တန်းစီရာ လူအုပ်ပိကာ မန္တလေးမြို့ခံ အမျိုးသမီး ၂ ဉီးသေဆုံးသွားသည့် ဖြစ်စဉ်လည်းရှိခဲ့ဖူးသည်။



Comments


Pajau Media

Thanks for subscribing!

bottom of page