top of page

မြစ်ကြီးနားမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး(Passport)ရုံးတွင် ရက်ချိန်းထက်အချိန်စောကာ ပတ်စပို့စ်များပြုလုပ်ပေးလျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • May 5, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၅ရက်၊မေလ၊၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပတ်စပို့စ်ပြုလုပ်ပေးခြင်း အချိန်ကြန့်ကြာခဲ့သောကြောင့် ယခုအချိန်တွင် ရက်ချိန်းထက် ပိုမိုရက်စောကာ ပတ်စပို့စ်ထုတ်ပေးနေကြောင်း မြစ်ကြီးနားပတ်စပို့စ်ရုံးဝန်ထမ်းများ ပြောပြချက်အရ သိရသည်။


“အရင်တခါက ပတ်စပို့စ်ရုံးပိတ်လိုက်တဲ့ချိန် ရုံးမပိတ်ခင်မှာ ပက်စပို့စ်လုပ်ထားတဲ့သူတွေ အချိန်အကြာကြီး စောင့်လိုက်ရလို့ နစ်နာတယ်ဆိုပြီး ကြိုတင်ထုတ်ပေးနေတာဖြစ်တယ်” ဟု မြစ်ကြီးနားပတ်စပို့စ်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။


ပတ်စပို့စ်ရုံး မပိတ်ခင် အပ်ထားသူများမှာ ရုံးပိတ်သွားချိန် အချိန်ကြာမြင့်စွာ စောင့်လိုက်ရသောကြောင့် နစ်နာမှုမရှိအောင် ယခုအချိန်တွင် လျှင်မြန်စွာထုတ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် နောက်ပိုင်းပတ်စပို့စ်လုပ်ထားသူများကိုပါ ထုတ်ရမည့်ရက်ထက် စောကာ လုပ်ပေးနေခြင်းဖြစ်သည်ဟုလည်း အဆိုပါဝန်ထမ်းက ဆက်ပြောသည်။


“အခုက ပတ်စပို့စ်လုပ်ထားတဲ့သူတွေ လပိုင်းစောင့်ရမဲ့သူတွေကို ရှေ့လကိုတိုးပြီး စောနိုင်သမျှ ထုတ်ပေးတယ်။ ရက်ပိုင်းဘဲလိုတဲ့သူတွေကိုလည်း ရှေ့တိုးပြီး ကြိုတင်ထုတ်ပေးနေတယ်။ ဘယ်ပွဲစားနဲ့ဘဲလုပ်လုပ် ရက်ကြိုတင်ထုတ်‌ပေးနေတယ်” ဟု ပြောသည်။


အဆိုပါဝန်ထမ်းများ ပြောဆိုချက်အရ ပတ်စပိုစ့်ပြုလုပ်ရန် လျှောက်ထားသည့်အဟောင်းများသာမက အသစ်လျှောက်ထားသူများကိုလည်း ပိုမိုလျှင်မြန်စွာ ထုတ်ပေးနေကြောင်း သိရပြီး၊ အဟောင်းလျှောက်ထားသူများမှာလည်း မိမိရက်ချိန်းအား ပြန်လည်စစ်ဆေးထုတ်ယူရန် လိုအပ်ကြောင်း ဆိုသည်။


ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ဇူလှိုင်လ၂၁ရက်နေ့ကတည်းက ဖုန်းနှင့် အင်တာနက်လိုင်း အဆက်အသွယ်များအားလုံး ဖြတ်တောက်ခံခဲ့ရသောကြောင့် နိုင်ငံကူးလက်မှတ်ရုံး လည်ပတ်နိုင်ခြင်းမရှိဘဲ မြစ်ကြီးနားရုံးခွဲတွင် ပတ်စပို့စ်ထုတ်ပေးခြင်းနှင့်သက်တမ်းတိုးခြင်းကို ရပ်နားထားခဲ့သည်။


ယင်းနောက် ပတ်စပို့စ်ထုတ်ရမည့် ကချင်ပြည်နယ်မှ ပြည်သူများမှာ ရန်ကုန်နှင့် မန္တလေးမြို့သို့ သွားရောက်ကာ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားခဲ့ကြရသည်။


သို့သော် အောက်တိုဘာ ၁၄ရက်နေ့တွင် နိုင်ငံကူးလက်မှတ် ပတ်စပိုစ့်ထုတ်ပေးခြင်းကို မြစ်ကြီးနားမြို့တွင် တစ်ဖန်ပြန်လည် လုပ်ဆောင်ပေးလာသော်လည်း အင်တာနက်အခက်အခဲကြောင့် ရက်ချိန်းကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page