top of page

မြစ်ကြီးနားမြို့ရှိ အလယ်အလတ်တန်း စား သောက်ဆိုင်ပိုင်ရှင်များ စစ်မှုထမ်းဥပဒေကြောင့် ဝယ်ယူစားသုံးသူ ကျဆင်းမှုများကြုံတွေ့နေရ

  • Writer: Pajau Media
    Pajau Media
  • Feb 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၄



မြန်မာနိုင်ငံ၏နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ မှ မကြာသေးမီကပြဌာန်းလိုက်သော စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လိုက်ခြင်းကြောင့် မြစ်ကြီးနားမြို့၏ ညနေပိုင်းတွင် အလယ်အလတ်တန်းစား စားသောက်ဆိုင် များ စားသုံးသူသိသိသာသာ ကျဆင်းလာကာ ဆိုင်ရှင်များအခက်တွေ့နေကြောင်းသိရှိရသည်။ စစ်မှုထမ်းရန် အသက်ပြည့်သူများနှင့် အရည်အချင်းပြည့်မီသောသူများအတွက် ပြဌာန်းထားသော စစ်မှုထမ်းဥပဒေကြောင့် လူငယ်များ ကြောက်ရွံ့ကာ အထူးသဖြင့် ညနေပိုင်းအချိန်များတွင် ဂရုတစိုက်သွားလာနေကြရပါတယ်။



ပုံမှန်အားဖြင့် မြစ်ကြီးနားမြို့၏ ညနေခင်းသည် မြို့သူမြို့သားများ၏ လှုပ်ရှားသွားလာမှုများဖြင့် ပြည့်နှက်နေပြီး၊ စားသောက်ဆိုင်များနှင့် ဘားဆိုင်များသည်လည်း စားသုံးသူ အများအပြားဖြင့် စည်ကားနေလေ့ရှိသည်။ သို့သော်လည်း စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကြေြငာချက်ထုတ်ပြန်ပြီးနောက်တွင် မြို့နေပြည်သူများ ညနေပိုင်းအချိန်များတွင် သွားလာရန်ကြောက်ရွံ့နေရကာ၊ ညနေပိုင်း ညဈေးတန်းတွင်အစားအသောက်များ ဝယ်ယူစားသောက်ကာလျှောက်လည်ကြသူများ နှင့် ညဈေးတန်းတွင် အစားအသောက်ရောင်းသော ဈေးသည်များ သိသိသာသာ လျှော့နည်းသွားခဲ့သည်။


မြစ်ကြီးနားမြို့နေ စားသောက်ဆိုင်ပိုင်ရှင်တစ်ဉီး၏အဆိုအရ “ကျွန်တော်တို့က ဆိုင်ရပ်တည်ဖို့ ညနေပိုင်းလာတဲ့ ဧည့်သည်တွေကိုပဲ အားကိုးနေရတာ။ အခု စစ်မှုထမ်းဥပဒေကြေြငာလိုက်တဲ့နောက်ပိုင်းဆို ညနေပိုင်း နေဝင်တာနဲ့ ဆိုင်လာတဲ့ ဧည့်သည်တွေက အရင်လိုမဟုတ်တော့ဘူး အရမ်းကို သိသိသာသာကြီးလျော့သွားတယ်။ လူတွေက ညအပြင်ထွက်ရင် စစ်သားတွေနဲ့ ထိပ်တိုက်တွေ့ရမှာတို့၊ စစ်တပ်ရဲ့ ဖမ်းဆီးခံရမှာတို့ကြောက်တော့ အပြင်မထွက်ရဲ ကြတော့ဘူး” ဟုဆိုသည်။


ဤသို့သော စိုးရိမ်ကြောက်ရွံ့မှုများသည် လက်နက်ကိုင်အဖွဲ့အစည်းများ၊ စစ်တပ်အစိုးရများ နှင့် အဆက်အသွယ်ရှိသော လူကုံထံများ၏ စားသောက်ဆိုင်ကြီးများနှင့် ဘားဆိုင်ကြီးများအတွက်မူ ယင်းလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် စစ်တပ်များ၏ မျက်နှာသာပေးမှု နှင့် အကာအကွယ်ပေးမှု များကြောင့် မကြုံတွေ့ရသော်လည်း၊ ကြီးမားသောလုပ်ငန်းကြီးနောက်ခံမရှိသော အလယ်အလတ်တန်းစား စားသောက်ဆိုင်ပိုင်ရှင်များကြားတွင်မူ ထိုကဲ့သို့သောစိုးရိမ်မှုများ ပိုမိုတွေ့ ကြုံ ခံစားနေရပါတယ်။



“ကျွန်တော်တို့မှာက အဲ့လိုအာဏာရှိတဲ့သူတွေနဲ့အဆက်အသွယ်မရှိတော့ ဒီလိုနိုင်ငံရေးအခြေအနေနဲ့ ခက်အခဲပေါင်းစုံကြားမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းရပ်တည်နိုင်အောင်လို့ မနည်းကြိုးစားပြီးရုန်းကန်နေရတယ်။” ဟုအခြားစားသောက်ဆိုင်ပိုင်ရှင်တစ်ဉီးမှ ပြောပြလာခဲ့ပါတယ်။


“ဆိုင်လာနေကျ ဖောက်သည်တွေက ညအပြင်ထွက်ရင် လက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီတပ်တွေနဲ့ တွေ့မှာကြောက်တော့ ညအပြင်မထွက်ရဲကြတော့ဘူး။ အဲ့လိုပုံမှန်ဖောက်သည်တွေမလာတော့ ကျွန်တော်တို့ဆိုင်လည်း အရောင်းပါးပြီး၊ ပုံမှန်ဝင်ငွေရဖို့အတွက်တောင် မနည်းရုန်းကန်နေရတယ်။” ဟု အထက်ပါစားသောက်ဆိုင်မှ ဝန်ထမ်းတစ်ဉီးက ရှင်းပြပါတယ်။


မကြာသေးမီက အတင်းအကြပ်တပ်သားသစ်စုဆောင်းခေါ်ယူခြင်းများသည် မြို့နေပြည်သူများထံသို့ ပျံ့နှံ့ခဲ့ပြီး၊ ထိုသတင်းများကြောင့် မြို့နေပြည်သူများ အထူးသဖြင့် လူငယ်များသည် လက်နက်ကိုင်အဖွဲ့များ၏ အတင်းအဓမ္မ စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။ ထိုကဲ့သို့သောကိစ္စရပ်များ သည် ပြည်သူများ၏ စိုးရိမ်ကြောက်ရွံ့မှုများကို တစ်စတစ်စပိုမိုတိုးလာစေကာ၊ ညအချိန် အပြင်ထွက်ခြင်း သွားလာလှုပ်ရှားခြင်း များကိုလည်း လျော့နည်းသွားစေခဲ့သည်ကို တွေ့ရှိရပါတယ်။



Comments


Pajau Media

Thanks for subscribing!

bottom of page