top of page

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေ ရေကြီးရေလျှံမှု မြင့်တက်လျှက်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • May 30, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊မေလ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း ဧရာဝတီမြစ်သည် မေလ ၂၈ရက်နေ့မှစပြီး တစ်ဟုန်ထိုး မြစ်ရေမြင့်တက်လာကာ ရေကြီးရေလျှံမှုများ ဖြစ်လာကြောင်းနှင့် ယမန်နေ့ မေလ ၂၉ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်းမှ ရပ်ကွက်အချို့တွင် ရေဘေးဒုက္ခများ စတင်ကြုံတွေ့လာရကြောင်း သိရသည်။


ဧရာဝတီမြစ်ရေ မြင့်တက်လာရခြင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းစွန်း ရေခဲတောင်ဒေသများဖြစ်သည့် ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင် စသည့် ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေခမြစ်ရေနှင့် မလိခမြစ်ရေတို့ တစ်ရှိန်ထိုး မြစ်‌ရေ မြင့်တက်လျက်ရှိပြီး မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေလည်း ဆက်လက်မြင့်တက်နေခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ဆိုကြသည်။


မြစ်ကြီးနားမြစ်ရေ မြင့်တက်မှုနှုန်းမှာ တစ်နာရီလျှင် တစ်ပေနှုန်းဖြင့် မြင့်တက်နေခဲ့ပြီး လက်ရှိမှာတော့ မြစ်ရေမြင့်တက်မှုနှုန်း တည်ငြိမ်နေသော်လည်း မြစ်ကမ်းနားရှိ ဒေသခံများမှာ သတိထားရမည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။


မြစ်ကြီးနားမြစ်ရေ မြင့်တက်မှုနှုန်းသည် ယနေ့ နံနက်ပိုင်း ၆နာရီခွဲအချိန် မြစ်ရေမှတ်နှုန်းမှာ ၁၀၁၇စင်တီမီတာအထိ ရှိနေပြီး စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ ရောက်ရှိရန် ၁၈၃ စင်တီမီတာရေမှတ်သာ လိုတော့ကြောင်းနှင့် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင်လည်း မြစ်ရေမြင့်တက်မှုရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


အလားတူ ချီဖွေမြို့နယ်တွင် ယမန်နေ့ နံနက်အစောပိုင်းအချိန်တွင် တောင်ကျချောင်း ရေကြီးရေလျှံမှုကြောင့် မျောမောပါကျေးရွာမှ လူနေအိမ် ၁၀လုံးနှင့် ပစ္စည်းများစွာ မြစ်ရေထဲ မျောပါသွားခဲ့ကြောင်းနှင့် ည၈နာရီဝန်းကျင်အချိန်တွင် မြစ်ကြီးနားမြို့ ရပ်ကွက်အချို့မှ ပြည်သူ ၄၀၀ နီးပါး ရေဘေးဒုက္ခ ကြုံနေရကြောင်း ဘီဘီစီ သတင်း ဖော်ပြချက်အရ သိရသည်။


ယခုကဲ့သို့ မြစ်ရေမြင့်တက်ကာ စိုးရိမ်မှတ်ရောက်ရှိနေသည့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေနှင့် ပူတာအိုမြို့နယ်များသည် စစ်ရေးတင်းမာနေသည့် နယ်မြေများဖြစ်ပြီး ဒေသခံ ထောင်ချီ စစ်ပြေးရှောင်နေရသည့် ဒေသများ ဖြစ်သည်။




Comments


Pajau Media

Thanks for subscribing!

bottom of page