မြစ်ကြီးနားမြို့အတွင်း လိုင်စင်မဲ့ကား ဖမ်းဆီးသည့် အယောင်ဆောင်သူခိုးများ ရှိလာ
- Pajau Media
- 4 days ago
- 1 min read
ပါဂျောင်မီဒီယာ
၁၉ရက်၊ ဇွန်လ၊ ၂၀၂၅။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်တပ်က လိုင်စင်မဲ့ကားများ ဖမ်းဆီးလာပြီးနောက် ကားဖမ်းသူအဖြစ် အယောင်ဆောင် သူခိုး၊ ဓါးမြ ပေါများလာသည်ဟု မြစ်ကြီးနားဒေသခံများ ပြောပြချက်အရ သိရသည်။
“ခုလိုင်စင်မဲ့ယာဉ်တွေ စဖမ်းတဲ့နောက်ပိုင်း အဲ့တာကို အခွင့်ကောင်းယူပြီး ကားတွေထိပါ ဓားမြတိုက်တာ။ အစတော့ စစ်တပ်ကထင်နေတာ။ ဘယ်ဟုတ်မလဲ ဓားမြတွေဖြစ်နေမှန်း နောက်မှသိလိုက်တာ” ဟု မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က ဆိုင်ကယ်နှင့် အခြားပစ္စည်းများကိုသာ သူခိုး၊ ဓါးမြများက အဓိကလုယက်၊ ခိုးယူကြသော်လည်း လက်တလောမှာတော့ စစ်တပ်က လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ဖမ်းဆီးနေသည်ကို အခွင့်ကောင်းယူပြီး ကားဖမ်းသူအယောင်ဆောင်ကာ တားဆီးစစ်ဆေး လုယက်လာကြကြောင်း သိရသည်။
“သူတို့က ညအချိန် တပ်ကုန်း ဘုန်းကြီးကျောင်းလမ်းကြားမှာ ရပ်စောင့်နေတာ။ ပြီးတော့ တားပြီးစစ်ဆေးသလိုလုပ်တယ်။ သေနတ်လည်း ကိုင်ထားတယ်။ ဒါပေမဲ့ စစ်တပ်တွေကိုင်တဲ့ သေနတ်လိုမျိုးမဟုတ်ဘူး။ မျက်နာကလည်း ရုပ်ပျက်ဆင်းပျက်နဲ့။ ကျနော်တို့က အော်လိုက်မှ ဘေးပတ်ဝန်းကျင်က အကုန်ထွက်ကြည့်တော့ ဟုတ်ပြီ။ သွားတော့လို့ ပြောတယ်။ ဆေးသမားတွေထင်တယ်။” ဟု အထက်ပါဒေသခံက ပြောသည်။
အဆိုပါ အယောင်ဆောင် သူခိုး၊ ဓါးမြတို့မှာ ညအချိန် လမ်းကြား၊ လမ်းဆုံနေရာများတွင် ရပ်စောင့်ပြီး တားဆီးစစ်ဆေးခြင်း၊ သေနတ်ကိုင်ဆောင်ကာ ခြိမ်းခြောက်ခြင်း၊ အချို့မှာ ရုပ်ပျက်ဆင်းပျက်နှင့် ပြောဆိုဆက်ဆံခြင်းများ လုပ်တတ်သည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေးယန္တယားပျက်စီးပြီးကတည်းက ခိုးဆိုးလုယက်မှုများ မကြာခနဖြစ်ပွားလေ့ရှိရာ လက်တလော လိုင်စင်မဲ့ကား ဖမ်းဆီးနေသည့် ည၈နာရီနောက်ပိုင်း ယခင်ထက် သူခိုး၊ ဓါးမြ ဆိုးဆိုးရွားရွား များပြားလာကြောင်း၊ ရပ်ကွက်လမ်းကြိုလမ်းကြားနေရာများအထိ နေ့ရောညပါ ရှိလာကြောင်း သိရသည်။
လိုင်စင်မဲ့ကားများ ဖမ်းဆီးနေသည်မှာ မြစ်ကြီးနားမြို့အပြင် မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးမြို့နှင့် အခြားမြို့များတွင်လည်း ဖမ်းဆီးနေခြင်း ဖြစ်သည်။
ထို့အပြင် ကချင်ပြည်နယ်တွင် ဇွန်လ ပထမအပတ်မှစပြီး လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးနေသောကြောင့် ကားဆရာများနှင့် ခရီးသွားပြည်သူများ သွားလာရေးခက်ခဲလာသည့်အပြင် တစ်ဖက်မှာလည်း လယ်သမားများ၊ ကျောင်းကြိုကျောင်းပို့ မိဘများ၊ ခရီးသွားပြည်သူများ အစရှိသည့် မော်တော်ယာဉ်အသုံးပြုသူ ဒေသခံများမှာ အဖက်ဖက်မှ အခက်အခဲ ကြုံနေရကြောင်း သိရသည်။
သတင်း-ဖရိန်း
Comentários