top of page

မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတစ်ဝိုက်တွင် စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုနှင့်လုံခြုံရေးတင်းကြပ်မှု များလုပ်ဆောင်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 11, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၁ရက်၊ဖေဖော်ဝါရီ၊ ၂၀၂၅။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက် ဧရာဝတီမြစ်ဆုံဒေသ တန်ဖရဲနှင့် ဆွမ်ပရာဘွမ်သွားလမ်း လမုန်ဇွပ်၊ ဝေရှီ၊ စသည့်ဒေသများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာပြီး လက်နက်ကြီးအပြင် ဒရုန်းများဖြင့်လည်း မကြာခဏ ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“ခုရက်ပိုင်း ညတိုင်းလိုလို ဒီမြစ်ဆုံဘက်မှာ လက်နက်ကြီးတွေ ပစ်သံကြားတယ်။ မနေ့ညကဆိုလည်း ရှောတိုက်‌ဒုံးပစ်တာတွေမြင်ရတယ်၊ ပြီးရင်မြစ်ဆုံဘက်တွေမှာ စစ်တပ်က အင်အားလည်း ဖြည့်ထားပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောသည်။


စစ်ကောင်စီဖြည့်တင်းထားသော စစ်အင်အားအများစုမှာ လမုန်ဇွပ်မြစ်တစ်ဖက်ကမ်းရှိ တောတောင်ကြားတွင် လှုပ်ရှားသွားလာနေကြပြီး တစ်ချို့မှာ လမုန်ဇွပ်ရွှာအဝင်၌ ဂိတ်စခန်းချကာ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမေးမြန်းခြင်း၊ ပိုက်ဆံကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


“စစ်အင်အားဖြည့်ထားတာများတယ်။ မြစ်ဆုံဘက်တွေမှာ ထောင်နဲ့ချီရှိတယ်။ ဒါပေမဲ့ သူတို့က တောတောင် ကြားတွေမှာဘဲ နေနေကြတယ်“ ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်၊၊


လက်ရှိမှာ KIAပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီဘက်က မကြာခဏ ဒရုန်း၊ လက်နက်ကြီး၊ ရှောတိုက်ဒုံးနှင့် လေယာဉ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိနေပြီး စစ်အင်အားလည်း ယခင်ကထက် ပိုမိုဖြည့်တင်းထားကြောင်း သိရသည်။


ပြီးခဲ့သည့် အပတ်တွင်လည်း စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အောင်မြင်သာ ယွပ်ဇော်ခေါင်ခြံတွင် တစ်လုံးကျရောက်ပေါက်ကွဲမှု၊ ဆဒုံ့ကျေးရွာမှာ လေကြောင်းဖြင့် သုံးကြိမ်ထက်မနည်း လာရောက်ဗုံးကြဲမှု၊ ဝေရှီကျေးရွာတွင် သုံးကြိမ်လာရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သားပြည်သူများမှာ စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page