top of page

မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းအား ရက်အကန့်အသတ်မရှိပိတ်လိုက်သဖြင့် ကားအစီးရေ(၅၀၀)ကျော်ပိတ်မိနေ

  • Writer: Pajau Media
    Pajau Media
  • Feb 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သောကြောင့် မော်တော်ယာဉ်ကားအစီးရေ(၅၀၀)နီးပါး ပိတ်မိနေပြီး၊ ရာနှင့်ချီသောခရီးသွားပြည်သူများ အကြပ်အတည်းဖြစ်နေကြောင်း မြစ်ကြီးနား-မန္တလေးပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။


"ခရီးသွားပြည်သူ‌တွေအကုန် ဒုက္ခရောက်ကြတယ်၊ အဓိကက အရေးကြီးကိစ္စ ချိန်းထားတာတွေ ပျက်ကုန်တယ်။ မိဘနာရေးကိစ္စကြောင့် ခရီးထွက်လာပေမယ့် နာရေးမမှီလိုက်တဲ့ သူတွလဲရှိတယ်၊ စာမေးပွဲဖြေဖို့သွားတဲ့ ကျောင်းသားတွေလဲ ပိတ်မိကုန်တယ်၊ ကုန်သမားတွေလဲ ကုန်တွေပုပ်လို့ ရှုံးကုန်တယ်၊ အစအရာရာ အားလုံးခက်ကုန်တယ်" ဟု အင်းတော်နယ်ထဲ ပိတ်မိနေသည့် ကားသမားတစ်ဦးက ပြောသည်။


အင်းတော်နယ်ထဲတွင် ဖေဖော်ဝါရီ ၁၈ရက်နေ့ကတည်းက ရှမ်းနီပြည်သူ့စစ်နှင့် K-PDFတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကားလမ်းကို ကာကွယ်ရေးတပ်ဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ရာ၊ တစ်ပတ်ကျော်ကြာလာချိန်တွင် ကားအစီးရေ (၅၀၀)ကျော် ပိတ်မိနေခဲ့ကြောင်း ကားသမားများက ပြောသည်။


ကားအများအပြား ပိတ်မိနေသဖြင့် တင်ဆောင်လာသည့် ကုန်စိမ်းများနှင့် စားသောက်ကုန်အချို့လည်း ပုပ်သိုးသွားကာ၊ ကားလမ်းပိတ်မိနေသည့် ခရီးသည်ထောင်ချီအတွက်လည်း နေစရာ၊ အိပ်စရာမှအစ ခက်ခက်ခဲခဲ နေထိုင်ကြရသည်ဟု ထပ်မံသိရသည်။


"လမ်းပိတ်မိတာက နှစ်ဆင့်ဖြစ်နေပြီ။ ကားသမားတွေရော၊ ကုန်သမားတွေရော အကုန်ရှုံးတယ်၊ ဟိုဖက်ဒီဖက်စုဆောင်းရေးလည်း ကြောက်ရတယ်။” ဟု ကန့်ဘလူနယ်တွင် ပိတ်မိနေသည့် ကားသမားတစ်ဦးမှလည်း ပြောသည်။


လက်ရှိ မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းတွင် ကားသမားများနှင့် ခရီးသွားပြည်သူများ ပိတ်မိနေသည့်နေရာမှာ အင်းတော်နယ်နှင့် ကန့်ဘလူနယ်ထဲတွင် တိုက်ပွဲကြောင့် ပိတ်မိနေခြင်းဖြစ်ပြီး ဒုက္ခရောက်နေကြရကြောင်း သိရသည်။


ထို့အပြင် အဆိုပါကားလမ်းတွင် စစ်ကောင်စီနှင့် KIAတပ်ဖွဲ့တို့ နှစ်ဖက်တပ်မှ စစ်သားစုဆောင်းရေးဆွဲမှုများ အပြင်းအထန်လုပ်ဆောင်နေကြောင်းလည်း ထပ်မံသိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page