မြစ်ကြီးနား-မန္တလေးသွား ကားလမ်းမကြီးရှိ ရွှေဘိုမြို့အဝင်တွင် တိုက်ပွဲဖြစ်၍ လမ်းခေတ္တပိတ်ထား
- Pajau Media

- Mar 14, 2024
- 1 min read
ပါဂျောင်မီီဒယာ
၁၄ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရွှေဘိုမြို့ အဝင်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားသောကြောင့် လမ်းခေတ္တပိတ်ထားကာ ခရီးသွားမော်တော်ယာဉ်များ ပေကြီးရွာတွင် ပိတ်မိနေသည်ဟု ကိုယ်တိုင်လမ်းပိတ်မိနေသူ ကားဆရာတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က မနေ့ညနေ ၁နာရီလောက်ကနေ မြစ်ကြီးနားက ထွက်လာပြီး အင်းတော်မှာ ညအိပ်ကြတာ၊ ဒီမနက် ၆နာရီလောက်မှာ အင်းတော်က ထွက်လာတာ၊ အခုရွှေဘိုအဝင်နားမှာ PDF နဲ့ စစ်တပ်တိုက်ပွဲဖြစ်နေလို့ ဒီလမ်းဘေးမှာပဲ ကားတွေ အားလုံးရပ်ပြီး စောင့်နေကြတာ မနက် ၁၂ခွဲလောက်ထဲကပဲ။” ဟု အထက်ပါ ကားဆရာက ပြောသည်။
စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲသည် ယနေ့ မတ်လ၁၄ရက် နေ့လည် ၁၂နာရီအချိန်မှစပြီး မွန်းလွှဲ ၁နာရီခွဲအချိန်အထိ တစ်နာရီခွဲကြာ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့သောကြောင့် ခရီးသွား ပြည်သူအများအပြား ပေကြီးရွာတွင် ပိတ်မိနေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနှစ်ဖက်တပ်ဖွဲ့မှ ထိတွေ့တိုက်ပွဲ တစ်နာရီခွဲကြာမြင့်ပြီးနောက် တိုက်ပွဲပြီးဆုံးကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး ခရီးသွားပြည်သူများလည်း လမ်းပြန်ဖွင့်ပေးမည်ကို စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။
သတင်း -ဒေဝ




Comments